ဒူးပလာယာခရိုင်မှာ တိုက်ပွဲကြောင့် အရပ်သား ၇၁ ဦး သေဆုံးခဲ့

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် တိုက်ပွဲတွေကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၇၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ (KPSN) က ဇူလိုင်လ ၁၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကစပြီး တပ်မဟာ ၆ နယ်မြေကို အကြီး အကျယ် ထိုးစစ်ဆင်ခဲ့တယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ဒူးပလာယာခရိုင် တပ်မဟာ-၆ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၆၀ ရှိခဲ့ပြီး၊ မြေပြင်နှစ်ဖက်တိုက်ပွဲ အနေနဲ့လည်း အကြိမ်ရေ ၂၀၀ ကျော် ရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက တပ်မဟာ ၆ ကို သဲကြီးမဲကြီး တိုက်နေတာပေါ့၊ လက်နက် ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ပါ ပစ်တော့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတယ်၊ အရပ်သားတွေ ထိပြီး သေဆုံးမှုတွေ အများကြီးရှိတယ်"

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် နေအိမ်၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့သလို ဒေသအတွင်းက အရပ်သား ၈၆,၀၀၀ ကျော်ဟာ ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက် စစ်ဘေးရှောင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ထိုးခဲ့ပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၅၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။