၈၈ မျိုးဆက်အဖွဲ့ဝင် သုံးဦးကို စွဲဆိုထားတဲ့အမှု တရားရုံး လွှဲပြောင်း

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက ၃ ဦးကို ရေးမြို့နယ်ဒေသခံတစ်ဦးက သိန်း ၅၀၀ ရလိုမှုနဲ့ တရားမကြောင်းအရ စွဲဆိုထားတဲ့အမှုကို မော်လမြိုင် ခရိုင်ရုံးရဲ့ စီရင်ပိုင်ခွင့်နယ်နမိတ်ထဲမှာ မရှိတာကြောင့် တရားပြိုင်တွေနေထိုင်တဲ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မှာ ပြောင်းလဲတရားစွဲဆိုဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

မော်လမြိုင်ခရိုင်တရားရုံးမှာ နှစ်ဖက် ရှေနေတွေလျောက်လည်းချက်တွေ ကြားနားအပြီး ခရိုင်တရားရုံး စီရင်ပိုင်ခွင့်နယ်နမိတ်ထဲမရှိတာကြောင့် ရန်ကုန်ကိုပြောင်းရွေ့တရားစွဲဆိုဖို့ အမိန့်ချမှတ်လိုက်တာလို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွ့ဲအစည်းမှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ကပြောပါတယ်။

"တရားစွဲတဲ့ မော်လမြိုင်ခရိုင် တရားရုံရဲ့ စီရင်ပိုင်ခွင့် နယ်နိမိတ်ထဲမှာ မရှိဘူး၊ ဒါကြောင့်မို့လို့ တရားပြိုင်များနေထိုင်တဲ့ နောက်ပြီးတော့ ဒီစာအုပ်ဖြန့်ချိတဲ့ ရန်ကုန်မှာပဲ တရားစွဲဖို့အတွက် ရုံးပြောင်းပေးလိုက်တာပေါ့နော်၊ ဒီနေ့အမှုဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ ဒါကတော့ ထူးခြားချက်ပေါ့"

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက ထုတ်ဝေတဲ့ တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည် စာအုပ်ရေးသားချက်ထဲမှာ တရားစွဲဆိုထားတဲ့ ဦးရန်လင်းအောင် ဟာ တောင်သူ ၁၄ ဦးပိုင်ခြံမြေ ၁၇၄ ဧကကို ၂၀၀၇ ခုနှစ်က အာဏာပိုင်တွေနဲ့ ပေါင်းပြီး သိမ်းယူထားပြီး တောင် သူတွေကို တရားစွဲဆိုထားတယ်လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီရေးသားချက်အပေါ် ဦးရန်လင်းအောင်က သူ့ကိုနစ်နာစေတယ်ဆိုပြီး ငွေကျပ်သိန်း ၅ဝဝ ရလိုမှုနဲ့ တရားမကြောင်းအရ မော်လမြိုင်ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

၈၈မျိုးဆက် လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာဌာနက တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည်စာအုပ် ကို ပြည်နယ် ၇ ခုကို သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိချက်တွေ၊ တိုင်ကြားချက်တွေကို စုစည်းကာ ၂၀၁၅ အောက် တိုဘာလမှာ ထုတ်ဝေထားတာဖြစ်ပါတယ်။

ဒီစာအုပ်ပါ အချက်အလက်တွေကို အစိုးရအဖွဲ့တွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။