၈၈ မျိုးဆက် မြစ်ဆုံဒေသအခြေအနေ သွားရောက်လေ့လာ

မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသအခြေအနေတွေကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေတည်ရှိရာနေရာကို ပြောင်းရွှေ့ခံခဲ့ရတဲ့အတွက် ထွန်ယက်စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ့ရကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်က ပြောပါတယ်။

"သူတို့ပြောင်းတဲ့ရွာက တရုတ်က ပြန်ဆောက်ပေးထားတာ။ ဆောက်ပေးထားတဲ့ နေရာက ကျောက်တောင်ပေါ်မှာ ဖြစ်နေတယ်။ ထွန်ယက်စိုက်ပျိုးလို့လည်း မရဘူး။ မြစ်ဆုံမှာတုန်းကတော့ ငါးတို့၊ ဖားတို့၊ ပုဇွန်တို့ မြစ်ထဲဆင်းလိုက်ပြီးတော့ ရှာလို့ရတာပေါ့။ ဒီနေရာမှာ ဘာမှမရဘူး။ အမဲလိုက်လို့လည်း မရဘူး။ အိမ်တွေဆောက်ပေးထားတဲ့ ဟာတွေကလည်း ကန်ထရိုက်ဆောက်ပေးသလို ဖြစ်နေတော့ မျက်နှာကျက်တွေ အကုန်လုံးပြိုကျတယ်။ ကြမ်းတွေကျဲသွားတယ်။ ပြီးစလွယ် လုပ်ထားတယ်။ တံခါးတောင် ပိတ်လို့မရဘူး။ မိုးတွေယိုတယ်။ သွပ်တွေအကုန်လုံး လှန်ထွက်သွားတယ်။ အိမ်သာတွေ လဲကျသွားတယ်။ ကလေးတွေပညာရေးရော တော်တော်ခက်ပါတယ်။ အခုပဲ သူတို့ ကိုယ်စီကိုယ်စီ ရင်ဖွင့်သွားတာပေါ့။ အဓိက ကတော့ လုပ်ကိုင်စားသောက်လို့မရဘူး"

ဒီခရီးစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်နဲ့ ရေအရင်းအမြစ် ပညာရှင် ဒေါက်တာ ခင်နီနီသိန်းတို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမဲ့ မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံ ပြည်သူတွေအတွက် အလှူငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။