ဖွဲ့စည်းပုံပြင်ဆင်ရေး အာရုံစိုက်ဖို့ ၈၈ ခေါင်းဆောင်တွေ တိုက်တွန်း


2019.07.11
minkonaing-88-622.jpg ဦးမင်းကိုနိုင် ကို ကျော်ဆည်မြို့ မြို့တော်မခန်းမမှာ ၂၀၁၉ ဇူလိုင် ၁၁ ရက်နေ့ကပြုလုပ်တဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) နယ်ကွန်ယက်များ တွေ့ဆုံဆွေးနွေးပွဲမှာ တွေ့ရစဉ်
ဓါတ်ပုံ - မောင်သိန်း(ဒဿနိက)

လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေနောက်လိုက်ပြီး စိတ်ဝမ်းမကွဲဘဲ ၂၀၀၈ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ အဓိကအာရုံစိုက်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက်များ စုံညီတွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့ ကျောက်ဆည်မြို့ မြို့တော်ခန်းမှာ စတင်ကျင်းပရာမှာ ကိုမင်းကိုနိုင်က အခုလက်ရှိမှာ အာရုံထွေပြားအောင် လှည့်နေတာတွေရှိတဲ့အတွက် တယောက်နဲ့ တယောက် လက်ချင်းမြဲမြဲချိတ်ထားဖို့လိုတယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပေါ်မှာ စိတ်ဝမ်းမကွဲဘဲ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကိုသာ အာရုံထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြည်နယ်နဲ့တိုင်း ၁၄ ခုက ၈၈ ကွန်ယက်အဖွဲ့တွေ တွေ့ဆုံပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေ၊ ဆက်လက်လုပ်ဆောင်ရမယ့်ကိစ္စတွေကို စုပေါင်းဆွေးနွေးကြတာဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက်တွေ့ဆုံပွဲကို အခုလို နယ်မှာကျင်းပတာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

NLD ပါတီက ဦးဆောင်ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုမူကြမ်းကို လာမယ့် ဇူလိုင် ၁၇ ရက်နေ့မှာ လွှတ်တော်မှာ တင်ပြဖို့ရှိတာကို တချိန်တည်းမှာ အဆိုထောက်ခံပွဲတွေ ကျင်းပဖို့လည်း ရှိနေပါတယ်။

၈၈ မျိုးဆက် ငြိမ်းပွင့် ကွန်ယက်တေ့ွဆုံတွေကို အရင်က ရန်ကုန်မြို့မှာသာ ၁ နှစ်ကို ၂ ကြိမ် ကျင်းပတာဖြစ်ပါတယ်။

ကျောက်ဆည်က တွေ့ဆုံပွဲကို မနက်ဖြန်မှာလည်း ဆက်လက်ကျင်းပမှာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက် ထုတ်ပြန်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။