၈၈ ငြိမ်းပွင့်ကနေ ဦးမြအေး နုတ်ထွက်


2017.11.30
myaaye-622 ၈၈ ရုံးခန်းမှာ အောက်တိုဘာလ ၃ဝ ရက်နေ့ကပြုလုပ်တဲ့ တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည် သတင်းစာရှင်လင်းပွဲမှာ ကိုမြအေး ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သူ့သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားလိုတဲ့အတွက် ၈၈ ငြိမ်းပွင့်ကနေ နုတ်ထွက်လိုက်ပါတယ်။

မနေ့က နုတ်ထွက်ခဲ့တာဖြစ်ပြီး ပုဂ္ဂိုလ်ရေးပြဿနာကြောင့် နုတ်ထွက်တာမျိုးမဟုတ်ဘူးလို့ ကိုမြအေး က RFA ကို ပြောပါတယ်။

"မနေ့က ထွက်လိုက်တယ်ဗျ။ ဟုတ်ကဲ့ပါ။ ခုအခြေနေမှာတော့ တိုင်းပြည်ရဲ့အခြေအနေက ကျနော်တို့က ဝိုင်းဝန်း ပြီး ထောက်ပြရမယ့် အခြေအနေလို့ မြင်လို့လေ၊ ကျနော့်အနေနဲ့ကတော့ နုတ်ထွက်လိုက်တာပဲ ဖြစ်ပါတယ်။ အဲလိုပြောလို့ မထောက်ပြဘဲနေတယ်လို့ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ဘူးလေ။ ခုထွက်လိုက်တဲ့အပေါ်မှာ ပုဂ္ဂိုလ်ရေးအရကော ကျန်တဲ့ကိစ္စတွေအပေါ်မှာကော ဘာမှပြဿနာမရှိဘူး။ ကျနော်တို့ ဆက်ဆံရေးကတော့ အမြဲတမ်း ပါတီထောင်တဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက် ကိုကိုကြီးနဲ့ကော CSO အနေနဲ့ရှိနေတဲ့ ကိုမင်းကိုနိုင် နဲ့ကော ကျနော်တို့က အချိတ်အဆက်တွေ၊ အဆက်အသွယ်တွေက ရှိနေဦးမှာပဲ"

နိုင်ငံရေးမှာ အမြင်မတူသူတိုင်းကို ရန်သူလို့ သတ်မှတ်လို့ မရကြောင်းနဲ့ သူအနေနဲ့ လက်ရှိမှာ ပါတီထောင်ဖို့နဲ့ ပါတီတစ်ခုထဲကိုဝင်ဖို့ဆိုတဲ့ အခြေအနေတွေမရှိသေးဘူးလို့ ကိုမြအေး ကပြောပါတယ်။

နိုင်ငံရေးကို ဆက်လုပ်သွားမှာ ဖြစ်ပေမယ့် ဘယ်လိုပုံစံလုပ်ဆောင်မယ်ဆိုတာ လတ်တလောပြောဖို့ ခက်သေးကြောင်းနဲ့ သူနဲ့သဘောထားခြင်း တူညီတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ညှိနှိုင်းတိုင်ပင်ရဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၈၈ မျိုးဆက်တွေ အဓိက ပါဝင်တဲ့ နိုင်ငံရေးပါတီတစ်ခုကို ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်နေတာရှိပြီး အဲဒီပါတီကို ဝင်ရောက်ဖို့လည်း အစီစဉ်မရှိဘူးလို့ ကိုမြအေး ကပြောပါတယ်။

ကိုမြအေးဟာ ၈ လေးလုံးအရေးတော်ပုံကာလ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို စတင်တည်ထောင်ကတည်းက ဦးဆောင်ပါဝင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။