ရှစ်လေးလုံးပါတီ အမည် အလံ တို့ကို ပြောင်းခိုင်း


2018-06-15
Share
88party-622.jpg နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်ခဲ့စဉ်
ဓါတ်ပုံ - နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီ ဖေ့စ်ဘွတ်

ရှစ်လေးလုံးပြည်သူ့ပါတီရဲ့အမည်၊ အလံနဲ့ အမှတ်တံဆိပ်တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင် ရဲ့ ညွှန်ကြားချက်ကို ပြောင်းလဲပေးရေးအတွက် ရှစ်လေးလုံးပါတီဦးဆောင်သူတွေက ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပေ မယ့် ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်ပါတယ်။

သတ်မှတ်ထားတဲ့အချိန်အတွင်း ပြင်ဆင်မပေးဘူးဆိုရင် ပါတီထူထောင်ခွင့် အလိုအလျောက် ပယ်ဖျက်ပြီး သား ဖြစ်လိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အကြောင်းပြန်ခဲ့တယ်လို့ ရှစ်လေးလုံးပြည်သူ့ ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးရဲနိုင်အောင်က ပြောပါတယ်။

"ဒီနေ့အစည်းအဝေးမှာ အဲတာကိုပြန်သုံးသပ်မှု လုပ် မလုပ်မေးတယ်ပေါ့ဗျာ၊ မေတော့ လိုရင်းပြောရရင် သူတို့က မပြင်ဆင်နိုင်ဘူး၊ မသုံးသပ်နိုင်ဘူး၊ အဲတော့သူတို့စာမှာပါတဲ့အတိုင်း ၁၃ ရက်နေ့မတိုင်ခင် ကျနော်တို့ပါတီအမည် ပြောင်းမပြောင်း ကျနော်တို့ဆုံးဖြတ်ပါပေါ့ဗျာ ၁၃ ရက်နေ့အတွင်း ပြောင်းမယ် ဆိုရင် ဒီဟာကို သူတို့အနေနဲ့ လက်ခံစဉ်းစားမယ်၊ မပြောင်းရင်တော့ ကျနော်တို့ကို လက်ရှိခွင့်ပြုထားတဲ့ ပါတီထူထောင်ခွင့်ဟာ Automatically  ပျက်ပြယ်သွားမယ်၊ ဒါသူတို့ရဲ့ရပ်တည်ချက်ပေါ့နော်"

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကိုကြီး အပါအဝင် ကော်မတီအဖွဲ့ဝင်တွေဟာ ဒီကနေ့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် အပါအဝင် တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်ပေးဖို့ ဆွေးနွေး ခဲ့တာပါ။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ ပါတီတစ်အခုအတွက် မသုံးသင့်ဘူးဆိုပြီး ကန့်ကွက်မှုတွေရှိခဲ့တဲ့အပြင် ကန့်ကွက်သူ ၂၀၀ ကျော်ရဲ့ လက်မှတ်ထိုးကန့်ကွက်မှုကြောင့် အခုလိုပြောင်းလဲပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က ပြန်လည်ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ မတိုင်ခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်အတိုင်း မပြောင်းပေးရင် လက်ရှိကျထားပြီးသား ပါတီထူထောင်ခွင့်ဟာ အလိုအလျောက် ပျက်ပြယ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီက လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမှာဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့မှာပြုလုပ်မယ့် စုံညီအစည်းအဝေးမှာ ဘယ်လိုဆက်လက်လုပ်သွားမယ် ဆိုတာကို ဆွေးနွေးအတည်ပြုသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့