ရွေးချယ်ခံကိုယ်စားလှယ် ရာနှုန်းပြည့်ပါတဲ့ လွှတ်တော်ဖြစ်အောင် ကြိုးပမ်းဖို့လိုအပ်


2018.08.08
minkonaing-8888-622.jpg ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားမှာ တွေ့ရစဉ်
Photo: Kyaw Zawe Win/ RFA

လက်ရှိအခြေအနေဟာ လမ်းခုလတ်မှာပဲရှိနေပြီး ရွေးချယ်ခံကိုယ်စားလှယ်တွေ ရာနှုန်းပြည့်ပါဝင်တဲ့ လွှတ်တော် ဖြစ်အောင် အားစိုက် ကြိုးပမ်းရဦးမှာ ဖြစ်တယ်လို့ ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာမှာ  ဒီနေ့ ကျင်းပတဲ့ ၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။

"နှစ် ၃၀ တာခရီးမှာ ဘယ်လောက်ရောက်ပြီလည်း လိုချင်တာတွေအားလုံး ပြည့်ပြီလားလို့ မေးပါလိမ့်မယ်။ ဒါပေမဲ့ ဒီအခြေအနေ ဒီပကတိတရားတွေကတော့ လမ်းခုလတ် အောင်ပွဲတွေလို့ပဲ ပြောလို့ရပါလိမ့်မယ်။ ဒါတွေဟာ ကျနော်တို့ ဖြတ်သန်းနေတဲ့ မိုင်တိုင်တွေပါ။ ရွေးကောက်ပွဲတစ်ခု ပြီးသွားတာနဲ့ ကျနော်တို့အားလုံး လမ်းဆုံးပြီလို့ မဆိုလိုပါဘူး။ လွှတ်တော်ခေါ်တာနဲ့ ဇာတ်လမ်းက မပြီးပါဘူး။ ရွေးချယ်ခံကိုယ်စားလှယ်တွေကို ရွေးလိုက်နိုင်သလို အဲဒီရွေးချယ်ခံတွေ ရာနှုန်းပြည့်ရှိတဲ့ လွှတ်တော်မျိုးဖြစ်တဲ့အထိလည်း ကျနော်တို့ အားစိုက် ရပါအုန်းမယ်"

ဒီအခမ်းအနားကို  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုမြအေးစတဲ့ ရှစ်လေးလုံး အရေးတော်ပုံက ခေါင်းဆောင်တွေ၊  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ဗဟိုကော်မတီဝင်တွေ အပါအဝင် လူရာနဲ့ချီ တတ်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ညီညွတ်သော လူမျိုးများမဟာမိတ် အဖွဲ့ UNA၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ ပါတယ်။

ဒီအခမ်းအနားမှာ ရှစ်လေးလုံး အရေးတော်ပုံကာလက ဓာတ်ပုံတွေ၊ သတင်းစာတွေနဲ့ အင်းစိန်အကျဉ်းထောင်ပုံစံ စတဲ့ အမှတ်တရ ပုံရိပ်တွေကိုလည်း  ပြသထားပါတယ်။

ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေကစပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ပေါ်ရေး စတဲ့အချက်တွေအပါအဝင် အချက် ၃ ချက်နဲ့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ရှစ်လေးလုံး နှစ်၃၀ ပြည့်အခမ်းအနားတွေကို ရန်ကုန်မြို့အပြင် မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ လာရှိုး၊ ပဲခူး ၊ တောင်ကြီး၊ ဟသာၤတ စတဲ့ နိုင်ငံအနှံ့က မြို့တွေမှာလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။