ရှစ်လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုတွေ ထိုင်းနဲ့ တောင်ကိုရီးယားမှာပြုလုပ်


2013-08-08
Share

ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ရှစ်လေးလုံးအရေးတော်ပုံမှာ ပါင်ဖြတ်သန်းခဲ့တဲ့သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေစုပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာ အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့ပါတယ်။

ရှစ်လေးလုံးကာလရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဟာ မပြီးပြတ်သေးတာကြောင့် ဆက်လက်တိုက်ပွဲင်ဖို့အတွက် ရှစ်လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ကျင်းပရတာလို့  ပွဲဖြစ်မြောက်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသံဒုတ်က ပြောပါတယ်။

ဒီနေ့ကာလ မြန်မာနိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို လူထုအားနဲ့ တိုက်ဖျက်ဖို့လိုတယ်လို့လည်း ကိုသံဒုတ်က ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာ ကိုစိုးနေလင်းကလည်း ရှစ်ဆယ့်ရှစ်က ရည်မှန်ထားတဲ့ ဒီမိုကရေစီစစ်စစ် မရသေးတဲ့အတွက် ရှစ်လေးလုံးစိတ်ဓာတ်ကို နောက်မျိုးဆက်တွေအတွက် လက်ဆင့်ကမ်းပေးချင်တယ်လို့ ပြောပါတယ်။

ဒီအခမ်းအနားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကာလတလျှောက် ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး သံဃာတော် ၁၆ ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ အခမ်းအနားကို SAW ၊ ဆာသူလေ၊ မင်းမဟော်၊ သွေးသစ်၊ စီဒီစီ၊ CTTC စတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသူကျောင်းသားတွေအပါအင် လူ ၃ဝဝ နီးပါးတက်ရောက်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က မြန်မာသံရုံးရှေ့မှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်ဖို့ ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက်နေ့မှာ မြန်မာဒီမိုကရေစီအင်အားစုတွေက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီအခွင့်အရေးကို ၂၅ နှစ်ကြာလာတဲ့ ဒီကနေ့အထိ ပြည်သူတွေ ခံစားခွင့်မရသေးတာကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA ကိုးရီးယားဌာနခွဲက ကိုရန်နိုင်ထွန်းက ပြောပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံရဲ့ ရည်မှန်းချက်ဖြစ်တဲ့  ပြည်သူပြည်သားတွေ ဖိနှိပ်မှုကင်းရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ လူမှုဘဝဖူလုံရေး၊ နိင်ငံရေး ပွင့်လင်းလွတ်လပ်မှုရှိရေးစတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိသွားတဲ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကလဲ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအတွင်း ဆန္ဒပြကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ် ချေမှုန်းခဲ့မှုကို အရေးယူအပြစ်ပေးဆောင်ရွက်ဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့နဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွေမှာလည်း ဒီကမိုကရေစီ အင်အားစုတွေက ရှစ်လေးလုံးအထိမ်းအမှတ် အခမ်းအနားတွေ ဦးဆောင်ပြုလုပ်သွားကြဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့