ဆန္ဒပြ လက်ပံတန်းမြို့ခံတွေကို ရုံးထုတ်စစ်ဆေး

0:00 / 0:00

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်ပံတန်းမြို့ခံ ၉ ဦးကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားရာမှာ ဒီကနေ့ လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ တရားရုံးက အားလုံးကို အာမခံပေးခဲ့တယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက ကိုနန္ဒာစိုးက ပြော ပါတယ်။

"၄ လပိုင်း ၁ ရက်နေ့ပြန်စစ်ရင် ကျနော့်ကို အာမခံတဲ့သူနှစ်ယောက်ရှိတယ်၊ တကယ်လို့ ကျနော်ထွက်ပြေးတယ်ဆိုရင် အာမခံတဲ့သူတွေမှာ အပြစ်ရှိတယ်ပေါ့၊ ရယက ဥက္ကဌကနေ လက်မှတ်ထိုးထောက်ခံပေးရတယ်"

တရားစွဲဆိုထားရာမှာ လက်ပံတန်းမြို့ခံ ၁၂ ဦးဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ၃ ဦးကို တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့ခံတွေကို တရားစွဲဆိုရာမှာ ကျောင်းသားအဖဲ့ွတွေ အကြမ်းမဖက်ရေးအတွက် ဆန္ဒပြရာမှာ မပါဝင်တဲ့သူတွေကိုလည်း ထည့်သွင်းတရားစွဲဆိုထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ကျောင်းသားတွေကို အကြမ်းမဖက်ရေးအတွက် မြို့ခံ ၁၀၀ ကျော်က ဆန္ဒပြခဲ့ရာမှာ ပါဝင်တဲ့ ၁၂ ဦးကို မတ်လ ၁၆ ရက်နေ့က လက်ပံတန်းမြို့ ရဲစခန်းမှူးက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အာမခံလျှောက်တင်ခဲ့တဲ့ ၉ ဦးကို ဧပြီလ ၁ ရက်နေ့မှာ တရားရုံးချိန်းတက်ဖို့ သတ်မှတ်ပေးလိုက်ပါတယ်။

ဒီအတောအတွင်း ကျောင်းသားဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးအရာရှိချုပ်နဲ့ ရဲဦးစီးအရာရှိချုပ်ဖြစ်သူ ရဲမှူးချုပ် သူရဘိုနီ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။