ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အခမ်းအနားကို သမ္မတ ဦးသိန်းစိန် တက်ရောက်စဉ် သမ္မတကိုကြိုဆိုဖို့ သွားရောက်ကြတယ်ဆိုတဲ့ အိမ်မြေ သိမ်းဆည်းခံရသူ ၂ဝဝ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။
တားဆီးခံရသူတွေကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ က မြေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေ၊ မရမ်းကုန်းမြို့နယ်က နေအိမ်ပြောင်းရွှေ့ခံရသူတွေနဲ့ ရန်ကုန်မြို့မှာ ကျူးကျော်အိမ်အဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။
အဲဒီလူတွေကို ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က သူတို့တွေဟာ သမ္မတကိုကြိုဆိုဖို့ သွားရောက်တာဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။
"သူတို့က ဆန္ဒပြမှာကြောက်လို့ တားတာပါ၊ ကျွန်တော်တို့က ဆန္ဒပြတာမဟုတ်ဘူး၊ အိမ်အသိမ်းခံရသူတွေ အိမ်ယာမဲ့တွေက သမ္မတကို သွားကြိုတာပါ၊ သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အားလုံးကောင်းပါသည်လို့ သမ္မတကြီးကို လိမ်နေသူတွေကို ဖယ်ရှားပေးမယ့် နိုင်ငံတော်သမ္မတကြီး အဲလိုအော်တာပါ"
သမ္မတ ဦးသိန်းစိန်ဟာ သမဝါယမဝန်ကြီးဌာနကစီစဉ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအကြောင်း ရှင်းလင်းပွဲမှာ ဒီနေ့တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။