ကပ်ဘေးကာလမှာ မွန်ပြည်နယ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိမ်သုံးဆားကို သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဝယ်ယူသူမရှိတော့လို့ ကုန်ချောထုတ် စက်ရုံတွေ ပိတ်ထားရပြီး အိမ်သုံးဆား ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
မွန်ပြည်နယ်က ထုတ်လုပ်တဲ့ အိမ်သုံးဆားကို တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနေရာမှာ ကပ်ဘေးကာလအတွင်း တစ်နေရာနဲ့ တစ်နေရာ သွားလာခွင့်အကန့်အသတ်တွေကြောင့် ဆားဝယ်လိုအား မရှိတော့ဘဲ ဆားလုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဝယ်ယူသူတွေနည်းပါးသွားပြီး ဆားကုန်ကြမ်းတွေပုံနေလို့ လုပ်ငန်းဆက်လည်ပတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သံဖြူဇရပ်မြို့နယ်က ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောပါတယ်။
"ဒုတိယလှိုင်း ကိုဗစ်ကြမ်းလာတော့ သူ့ရွာသူ့နယ်သူ ကာကွယ်တဲ့အနေနဲ့ အဝင်အထွက် ပေးမလုပ် တော့ အဲဒီနယ်က အဇင်တို့ ဇီးဖြူတောင်တို့ ရေးဘက်ကရော၊ ထားဝယ်ဘက်ကရော သွားရေးလာရေးခက်တော့ ဆားပို့ဖို့က အခုကျွန်တော်တို့ ရပ်ဆိုင်းနေရတယ်။ သွားလို့မရဘူးပေါ့ဗျာ။ အဲဒီအခြေအနေပေါ့။ အဲဒီလိုဆိုတော့ ဆားစက်တွေက မလည်ပတ်နိုင်တော့ဘူး။ မလည်ပတ်နိုင်တော့ ကျွန်တော်တို့မှာ ကုန်ကြမ်းပဲ ကျန်နေတယ်။ ကုန်ကြမ်းကို ရောင်းဖို့ ဝယ်လိုအားမရှိတော့ ငွေဖော်ဖို့ အခက်အခဲဖြစ်တာပေါ့။ ဒါကတော့ ကြီးမားတဲ့ ရင်ဆိုင်မှု အခက်အခဲပါပဲ ဒီကိုဗစ်မှာ"
မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ဆားထုတ်လုပ်တဲ့ လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာပါ။ မော်လမြိုင်မှာ ဆားကြိတ်စက်ရုံ ၅ ရုံနဲ့ သံဖြူဇရပ်မြို့နယ်၊ ပငရွာမှာ စက်ရုံ ၅ ရုံရှိပါတယ်။
ကုန်ချောထုတ်လုပ်တဲ့ ဆားကြိတ်စက်တွေ အများစုက ဝယ်သူမရှိလို့ လက်ရှိမှာ ရပ်နားထားပါတယ်။ ကုန်ချောစက်ရုံတွေ ပိတ်လိုက်လို့ ဆားတောင်သူတွေလည်း သူတို့ဆီက ဆားကြမ်းတွေကို ပို့စရာ စက်ရုံမရှိဘဲ အခက်အခဲတွေ ဖြစ်နေပါတယ်။
သံဖြူဇရပ်မြို့နယ်က ပငကျေးရွာ ဆားကွင်းမှာ ၁၂ နှစ် နီးပါး လုပ်ကိုင်နေတဲ့ ဆားတောင်သူ ဒေါ်အေးမာက သူတို့ အခက်အခဲကို ရင်ဖွင့်ပါတယ်။
"မနှစ်ကဆိုရင် ဒီရောဂါမရှိတော့ ဘယ်နေရာသွားသွား၊ ဘယ်နေရာလာလာ အားလုံး လုပ်ကိုင်လို့ အဆင်ပြေတယ်။ အခုဒီနှစ်ဆိုရင် ကျွန်မတို့က မိုးတွင်းကတည်းက ဘာအလုပ်မှ မရှိခဲ့ဘူး။ အလုပ်မရှိတော့ ထိုင်စားရတယ်။ တခြားမှာ သွားလုပ်လို့လည်း အဆင်မပြေ၊ အလုပ်မရှိတော့ ရှိတာလေးနဲ့ပဲ ထိုင်စားနေရတယ်"
တချို့လုပ်ငန်းရှင်တွေကတော့ လုပ်သားတွေကို လုပ်ငန်းရပ်ဆိုင်းထားတဲ့ ကာလမှာ သုံးစွဲဖို့ ငွေချေးပေးထားပါတယ်။ လုပ်ငန်းရှင်ဆီကနေ ဆားကြမ်း သယ်ယူပြောင်းရွှေ့တဲ့ အလုပ်လိုမျိုး လုပ်ငန်းတချို့ လုပ်နိုင်အောင် အလုပ်ရှင်က ကူညီစီစဉ်ထားပေးတဲ့အတွက် ဝင်ငွေအနည်းအကျဉ်း ရရှိနေတယ်လို့ ဆားတောင်သူ ကိုချစ်က ပြောပါတယ်။
"စားဝတ်နေရေးကတော့ ဒီအလုပ် မဖွင့်ခင် အချိန်ထိ သူဌေးက တစ်ယောက်ကို ပိုက်ဆံ ငါးသောင်း နှုန်းစီ ပေးထားတယ်။ အပြင်ကကားတွေ ဒီကို မလာရပေမယ့်လည်း သူဌေးတွေက အလုပ်သမားတွေ အလုပ်ရအောင် ဆိုပြီးတော့ ဒီအထဲမှာပဲ အလုပ်ကလေး နည်းနည်းပေးထားတယ်လေ။ ဆားပြောင်း၊ ဘာပြောင်း အဲဒီ အလုပ်ကလေးတော့ ပေးထားတယ်"
ဆားလုပ်ငန်းမှာ ဒေသခံတွေအပြင် ဧရာဝတီတိုင်း၊ မကွေးတိုင်းက ရွှေ့ပြောင်းလုပ်သားတွေလည်း လာရောက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေး ကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများ ကုစားနိုင်ရေးအတွက် ဒေသအသီးသီးက လုပ်ငန်းရှင် ၁၂ ဦး ချေးငွေ ရရှိခဲ့ပြီး အဲဒီထဲမှာ မွန်ပြည်နယ်က ဆားတောင်သူ ၆ ဦး ပါဝင်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သြဂုတ် ၂၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဆားတောင်သူတွေ၊ ဆားကြိတ်စက်လုပ်ငန်းရှင်တွေ အတိုးနှုန်းသက်သာတဲ့ ချေးငွေရရှိခဲ့တာဟာ သက်ဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွေမှာ စာရွက်စာတမ်း အထောက်အထားနဲ့ တင်ပြလျှောက်ထားခဲ့တာကြောင့် ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောခဲ့ပါတယ်။