ရခိုင်မြောက်ပိုင်းမှာ အင်တာနက်နှေးလို့ ကပ်ရောဂါသတင်း သိဖို့ခက်ခဲ


2020.08.21


ရခိုင်ပြည်နယ် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာဟာ သြဂုတ်လ ၁၆ ရက်ကနေ မနေ့ မနက်အထိ ၁၉ ဦးအထိရှိလာပေမယ့် အင်တာနက်အခက်အခဲကြောင့် သတင်းတွေကို အချိန်နဲ့တပြေးညီ သိခွင့်မရကြတာကြောင့် မြန်နှုန်းမြင့်အင်တာနက်ကို ပြန်ဖွင့်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာအရေအတွက်များလာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရက မြန်နှုန်း နှေးကွေးတဲ့ အင်တာနက်စနစ်ကို ဆက်လက်အသုံးပြုခွင့်ပေးထားဆဲဖြစ်တဲ့အတွက် မူလကအသုံးပြုခဲ့တဲ့ မြန်နှုန်းမြင့်စနစ်ကိုပြန်ဖွင့်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံးက ဒီနေ့ သဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာဟာ စစ်တွေမြို့မှာ ၁၈ ဦးနဲ့ မြောက်ဦးမြို့မှာ ၁  ဦးအထိရှိနေတာပါ။

မြောက်ဦးမြို့မှာ နှေးကွေးတဲ့အင်တာနက်ကို အသုံးပြုဖို့ခက်ခဲတာကြောင့် မြို့ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့သတင်းကို မသိကြသူတွေရှိတယ်လို့ မြောက်ဦးလူငယ်များအစည်းအရုံးက ကိုမိုးဇော်ကပြောပါတယ်။

“ဖွင့်ပေးထားတဲ့ 2G အင်တာနက်က ကျွန်တော်တို့ဒေသမှာ လုံးဝကိုသုံးလို့မရပါဘူး။ အခုဆိုရင် ကျွန်တော်တို့မြောက်ဦးမှာ ပိုးတွေ့လူနာတွေ့ထားတယ်ဆိုတာကို ပြည်သူလူထဲကြားထဲမှာ မသိတဲ့သူတွေရှိတယ်။ အဲဒါကြောင့် သူတို့က ပုံမှန်အတိုင်းပဲ သွားလာနေကြတာတွေရှိမယ်။ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားထားတဲ့ ဒီရောဂါနဲ့ပတ်သက်ပြီးတော့မှ ဆောင်ရန်ရှောင်ရန်တွေ၊ ကာကွယ်ရမယ့်လုပ်ဆောင်ချက်တွေကို မသိတဲ့အခါမှာကျတော့ ပျံ့နှံ့မှုက ပိုမြန်ဆန်သွားမှာပေါ့။ ဆိုတော့ အင်တာနက်ကို 4G အဆင့်ကို မြှင့်တင်ပေးလိုက်ရင် ကာကွယ်ဖို့ အထောက်အကူဖြစ်မှာပေါ့”

အလားတူ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန်ရရှိနိုင်ဖို့ မူလကရှိနေခဲ့တဲ့ မြန်နှုန်းမြင့်စနစ်ကို ပြန်ဖွင့်ပေးဖို့ မနေ့ကတောင်းဆိုထားပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက မြို့နယ်ရှစ်ခုမှာ အချိန်တစ်နှစ်ကျော်ကြာပိတ်ထားတဲ့ အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဆက်သွယ်ရေးဝန်ကြီးဌာနက မူလကမြန်နှုန်းမြင့် 4G အစား နှေးကွေးတဲ့ 2G စနစ်နဲ့ ပြန်ဖွင့်ပေးခဲ့တာပါ။ အစိုးရကခွင့်ပြုထားတဲ့ အင်တာနက်ဟာ ဓာတ်ပုံတစ်ပုံကြည့်ဖို့အရေးတောင်မလွယ်ကူဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာနေထိုင်တဲ့ ကိုဦးကျော်ဇံက အင်တာနက်သုံးလို့ အဆင်မပြေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်သတင်းတွေကို စစ်တွေမှာရှိတဲ့ မိတ်ဆွေတွေကို ဖုန်းဆက်မေးနေရတယ်လို့ပြောပါတယ်။

“အစိုးရကပြောတာက လိုင်းတွေဖွင့်ပေးထားတယ်၊ သုံးလို့ရတယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပန်းမြောင်းနေရာဒေသမှာဆိုလို့ရှိရင်တော့ လိုင်းသုံးလို့မရဘူးဗျ။ အင်တာနက်ဖွင့်လိုက်ရင် လိုင်းကတော့တက်တယ်။ ဒါပေမယ့် အဝိုင်းကလည်နေတယ်။ အဲဒီလိုလည်နေတာကို ဘယ်လိုပဲလုပ်လုပ် သုံးလို့မရဘူးဗျ။ စစ်တွေမှာဖြစ်ပျက်နေတယ်တဲ့ ကိုဗစ်-၁၉ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ ဖုန်းအဆက်အသွယ်ရှိတဲ့သူတွေဆီကနေသိရတာပါ။ အင်တာနက်ကနေ သိရတာမဟုတ်ဘူး”


ပန်းမြောင်းဒေသဟာ စစ်တွေနဲ့မြောက်ဦးမြို့တွေကို အဓိကကူသန်းသွားလာနေရတဲ့ဒေသဖြစ်နေတာ၊ စစ်ပွဲတွေကြောင့် တိုက်နယ်ဆရာဝန်မရှိတာတွေကြောင့် စိုးရိမ်စရာဖြစ်နေတယ်လို့ ကိုဦးကျော်ဇံက ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှကလည်း အစိုးရအနေနဲ့ အင်တာနက်ကို အပြည့်အဝပြန်ဖွင့်ပေးဖို့လိုအပ်တယ်လို့ပြောပါတယ်။

“ကျွန်တော်က ဒီနေ့ မြောက်ဦးကရောက်တယ်ပေါ့လေ။ အဲဒီမှာ ဘာမှကိုသုံးလို့မရဘူး။ ဖုန်းလိုင်းတွေကို တောင်မှာ ဆက်သွယ်ဖို့ခက်တယ်။ အင်တာနက်ဆို ထားလိုက်တော့။ အဲလိုမျိုးနေရာတွေအများကြီးပဲ။ ရသေ့တောင်မှာလည်း ဒီအတိုင်းပဲ။ ဆိုတော့ ဖွင့်ပေးလိုက်တဲ့နေရာတွေအကုန်လုံးက 2G ပဲဖြစ်တဲ့အခါကျတော့ ဘာမှကိုသုံးလို့မရဘူး။ ဒါက ကျွန်တော်တို့ပြည်သူတွေ အလိမ်ခံရတာဗျ။ သူတို့က နိုင်ငံတကာမှာ လူသားဆန်ပြီး အင်တာနက်ပြန်ဖွင့်ပေးတယ်လို့ပြပြီးတော့ ကျွန်တော်တို့ပြည်သူတွေက အလိမ်ခံရတာ။ တကယ်တမ်း အင်တာနက်ပြန်ဖွင့်ပေးတယ်ဆိုရင် အပြည့်အဝပြန်ဖွင့်ပေးဖို့လိုတယ်”

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ဟာ အခြားလူငယ်အဖွဲ့တွေနဲ့ ပေါင်းပြီး အင်တာနက်ပြန်ဖွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သလို အခုလည်း မြန်နှုန်းမြင့်အင်တာကို ပြန်ဖွင့်ပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ကိုသန်းလှကပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ အခုလိုရောဂါပိုးကူးစက်မှု မြန်နေတဲ့ကာလမှာ မြန်နှုန်းမြင့်အင်တာနက်ကို အချိန်မီပြန်ဖွင့်ပေးဖို့ လိုအပ်နေတယ်လို့ ထောက်ပြပါတယ်။

“စစ်ဘေးဒုက္ခသည်အရေးကလည်းရှိသေးတယ်။ အခုက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ လူတွေကိုသတင်းပေးဖို့က အများကြီးလိုလာပြီ။ အခုအစိုးရကပေးတဲ့ 2G ဆိုတာက ဘယ်သူမှသုံးလို့မရဘူး။ ပေးကားပေး၏ မရဆိုသလိုမျိုး ပေးတာနဲ့ မပေးတာနဲ့ အတူတူပဲ။ ဘာမှမထူးဘူး။ တကယ်ပေးမယ်ဆိုရင် 4G ပေးရမယ်။ နိုင်ငံတကာမှာ 5G သုံးနေတဲ့အချိန်မှာ ဒီမှာအမြင့်ဆုံးဖြစ်တဲ့ 4G ကိုပေးဖို့လိုအပ်တယ်။ ဒီအခြေအနေမျိုးမှာက ဒါဖွင့်ပေးကို ပေးရမယ့် အခြေအနေမျိုးပဲ။ ပြည်သူလူထု အခက်အခဲရှိတယ်။ အဲဒီနောက် အသက်အန္တရာယ်က ဆုံးရှုံးမှုတွေ များလာရင် သူတို့ကတာဝန်ခံမှာလား။ ကြိုတင်လုပ်တာက ပိုအကျိူးရှိတယ်။ ရောဂါအများကြီးပြန့်ပြီးတော့မှ သူတို့ကဖွင့်ပေးမယ်ဆိုရင် အဲဒါက အဓိပ္ပါယ်မရှိဘူး”


ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာများလာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ သတင်းတွေကို မြန်မြန်ဆန်ဆန် သိခွင့်ရဖို့ အတွက် မူလကရှိခဲ့တဲ့ မြန်နှုန်းမြင့်အင်တာနက်စနစ်ကိုပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြတာနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ချမှတ်လာတဲ့ညွှန်ကြားချက်တွေရှိလာရင် ဆောင်ရွက်မှာဖြစ်တယ်လို့ပြောပါတယ်။

“အင်တာနက်တွေ ပြန်မဖွင့်ခင်ကတည်းကလည်း အဲဒီဒေသမှာ ရှိတဲ့လူတွေကို ဦးစားပေးပြီးတော့ နေ့စဉ်လိုလို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ပို့ပေးနေတယ်။ အခုလည်းပို့ပေးနေတာပဲ။ အဲလိုနည်းနဲ့လုပ်ပေးနေတာပေါ့နော်။ နောက် မူလရှိစဉ်အတိုင်း အင်တာနက်ဘာညာကတော့ ပြန်ချိန်ဆပြီးတော့ ဖြစ်ချင်လည်းဖြစ်လာမှာပေါ့နော်။ ဒါတွက်ဆနေကြမှာပေါ့။ ကျွန်တော်တို့ဆက်သွယ်ရေးကတော့ တာဝန်ရှိပေမယ့် လုံခြုံရေးအခြေအနေ၊ ပြည်သူလူထုကိစ္စတွေက ကျွန်တော်တို့ထက် ဟိုဒင်းဖြစ်တာတွေကချမှတ်တာပေါ့နော်။ ဒီအပေါ်မူတည်ပြီး ကျွန်တော်တို့ကတော့ လိုက်ပါဆောင်ရွက်ပေးရတာပေါ့နော်”

ရခိုင်ပြည်နယ်မှာ လုံခြံုရေးအကြောင်းပြချက်နဲ့ အစိုးရက အင်တာနက်ကို ဖြတ်တောက်ထားခဲ့တာဖြစ်ပြီး ဒါဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက အစိုးရကို ပြစ်တင်ပြောဆိုခဲ့ကြပြီးနောက် ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က မြန်နှုန်းနှေးကွေးတဲ့အင်တာနက်ကို အစိုးရက ပြန်ဖွင့်ပေးခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာများလာနေသလို နှေးကွေးတဲ့အင်တာနက်ကိုဖွင့်ပေးထားတဲ့ နေရာတွေမှာ လူပေါင်းနှစ်သိန်းဝန်းကျင်ဟာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။