UEC နဲ့ အစိုးရ ဆန္ဒမရှိလို့ နောက်ဆက်တွဲ ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ AA စွပ်စွဲ

ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းကစပြီးဒီဇင်ဘာတစ်လလုံးတိုက်ပွဲတွေရပ်ထားခဲ့ပေမယ့်လည်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာနောက်ဆက်တွဲရွေးကောက်ပွဲတွေမကျင်းပနိုင်ခဲ့တာဟာ၊ကော်မရှင်နဲ့အစိုးရကကျင်းပ လိုစိတ်မရှိတာကြောင့်ဖြစ်တယ်လို့ရက္ခိုင့်တပ်တော်ပြောခွင့်ရဦးခိုင်သုခကဒီဇင်ဘာ၃၀ရက်မနေ့ကRFA ကိုပြောလိုက်တာပါ။

NLD အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ဘက်ကနောက်ဆက်တွဲရွေးကောက်ပွဲတွေမလုပ်ချင်ဘူး ဆိုတဲ့အဖြေကရှင်းနေတယ်လို့လည်းဦးခိုင်သုခ ကဆိုပါတယ်။

"ကျွန်တော်တို့ ULA/AA အနေနဲ့က ရခိုင်ဒေသမှာ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့နေရာတွေကို နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ဆက်လုပ်ဖို့အတွက် တောင်းဆိုတာရှိတယ်။ မြန်မာစစ်တပ် ဘက်ကလည်း ဒါကို ကြိုဆိုတယ်ဆိုပြီးတော့ ပြောတယ်။ အခု ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူး ဆိုတာကတော့၊ ဘယ်သူ့ကြောင့် မလုပ်ဖြစ်ဘူးလဲ ဆိုတာကတော့ အဖြေက ရှင်းနေတာပဲ။ NLD အစိုးရနဲ့ UEC ကနေပြီးတော့ လုပ်ချင်ရင် လုပ်လို့ရတယ်၊ မလုပ်ချင်ရင်လည်း မလုပ်ဘူးပေ့ါဗျာ။ အဖြေက ရှင်းနေတဲ့ကိစ္စလို့ မြင်ပါတယ်"

ရခိုင်ပြည်နယ်မြောက်ပိုင်းကရသေ့တောင်၊ဘူးသီးတောင်၊မောင်တော၊မြောက်ဦး၊ပုဏ္ဏားကျွန်း၊မြေပုံ၊ကျောက်တော်၊မင်းပြား၊ပေါက်တောစတဲ့ကိုးမြို့နယ်မှာဒီဇင်ဘာ၃၁ရက်မတိုင်ခင်နောက်ဆက်တွဲရွေးကောက်ပွဲတွေလုပ်ပေးဖို့ ရက္ခိုင့်တပ်တော်AA ကနိုဝင်ဘာ၁၂ရက်နေ့ကတည်းကတောင်းဆိုထားပြီး၊ ဒီတောင်းဆိုချက်အပေါ်တပ်မတော်ဘက်ကလည်းချက်ချင်းကြိုဆိုခဲ့ပါတယ်။

ဒါပေမဲ့တစ်လကျော်အကြာဒီကနေ့ဒီဇင်ဘာ၃၁ရက်နေ့အထိရွေးကောက်ပွဲတွေမကျင်းပနိုင်ခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီးတပ်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကိုRFA ကအမြင်သဘောထားမေးမြန်းရာမှာတော့ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးတစ်စုံတစ်ရာ မှတ်ချက်မပေးလိုဘူးလို့ပြောပါတယ်။

ဒီဇင်ဘာ၃၁ရက်ရောက်တဲ့အထိရခိုင်မြောက်ပိုင်းမှာဘာကြောင့်နောက်ဆက်တွဲရွေးကေက်ပွဲတွေမလုပ်နိုင်ခဲ့သလဲဆိုတာသိနိုင်ဖို့အတွက်၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုRFA ကဖုန်းနဲ့ရော၊အီးမေးလ်နဲ့ပါအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး။

အခုဆိုရင်လွှတ်တော်တတိယသက်တမ်းကျင်းပဖို့အချိန်တစ်လသာကျန်တော့တဲ့အတွက်ကော်မရှင်အနေနဲ့တာဝန်ယူမှုရှိရှိနဲ့ သဘောထားမှတ်ချက်ပေးသင့်ပြီလို့နိုင်ငံရေးလေ့လာသူဦးမောင်မောင်စိုးကအကြံပြု ပါတယ်။

"တကယ်လို့သာ ရွေးကောက်ပွဲလုပ်ချင်ရင်တော့ လုပ်ဖို့ကြေညာလို့ရတဲ့ အချိန်အခါရောက်နေပါပြီ၊ ပထမမေးခွန်းတစ်ခုကတော့ ကော်မရှင်သည် တကယ်ရော အမှီအခိုကင်းကင်းနဲ့ ဆုံးဖြတ်နေရဲ့လားဆိုတဲ့ မေးခွန်းတော့ ပေါ်လာတာပေါ့၊ ဒုတိယတစ်ခုအနေနဲ့ ပြောမယ်ဆိုရင်တော့ လုပ်တာ မလုပ်တာနဲ့ ပတ် သက်ပြီးတော့ လုပ်ချင်တယ်ဆိုလို့ရှိရင် လုပ်လို့ရပါတယ်၊ မလုပ်ချင်ရင်တော့ အကြောင်းပြချက်မျိုးစုံ ပေးလို့ရတဲ့ အနေအထားမျိုးပါ၊ သို့သော်လည်း လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကော်မရှင်အနေနဲ့ ကတော့ သဘောထားမှတ်ချက်ပေးဖို့လိုနေပြီလို့ ထင်ပါတယ်၊ လွှတ်တော် တတိယသက်တမ်းက ဖေဖော်ဝါရီစမယ်ဆိုတော့ အချိန်က တစ်လပဲ ကျန်တဲ့အချိန်မှာ ကော်မရှင်က မှတ်ချက်ရဲရဲပေးဖို့ လိုပြီထင်ပါတယ်၊ ကိုယ်ဆုံးဖြတ်တဲ့အပေါ်မှာလည်း တာဝန်ယူမှုရှိဖို့လိုပြီလို့ ထင်ပါတယ်"

ရခိုင်မြောက်ပိုင်းမှာနောက်ဆက်တွဲရွေးကောက်ပွဲတွေပြန်ကျင်းပပေးတာဟာရခိုင်ပြည်နယ် ငြိမ်းချမ်း ရေးအတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့သဘောထားရင်တော့၊ကော်မရှင်အနေနဲ့မဖြစ်မနေကျင်းပပေးသင့်တယ်လို့လည်းသူကဆက်ပြောပါတယ်။

လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲဖြစ်တဲ့ အာနန္ဒာအဖွဲ့ကညွှန်ကြားရေးမှူးကိုထင်ကျော်အေးကတော့လက်ရှိရွေးကောက်ပွဲကော်မရှင်ဟာပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချရာမှာအားနည်းပြီးအစိုးရရဲ့ဆုံးဖြတ်ချက်ပေါ်မှာလိုက်ပြီးဆောင်ရွက်နေရတယ်လို့မြင်မိကြောင်းပြောပါတယ်။

"ဒီသက်တမ်း တာဝန်ထမ်းဆောင်မယ့် ရွေးကောက်ပွဲကော်မရှင်က သူတို့ဆုံးဖြတ်ချက်တွေကိုချတဲ့ အခါမှာ အမြဲတမ်းနှောင့်နှေးတတ်တယ် ပြတ်ပြတ်သားသား သူတို့ ဆုံးဖြတ်ချက်ကိုချတာမျိုး ပွင့်ပွင့် လင်းလင်းထုတ်ပြောတာမျိုး အဲဒါမျိုး လုပ်လေ့လုပ်ထရှိလေ့ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်မျိုး မဟုတ်ဘူး ပေါ့နော်၊ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ သြဇာလွှမ်းမိုးနိုင်တယ်လို့ ယူဆရတဲ့ အစိုးရအဖွဲ့ဆုံးဖြတ်ချက် ပေါ်မှာ အမြဲတမ်းစောင့်နေပုံရတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီဘက်ကနေပြီးတော့ မီးစိမ်းပြပေမယ့် လို့ အစိုးရက သူတို့မီးစိမ်းမပြလို့ဆိုတဲ့ အခြေအနေပေါ်မှာ စောင့်နေသေးတယ်လို့ ယူဆတယ်ပေါ့နော်၊ ဒါကလည်း အစိုးရရဲ့ မလုပ်နဲ့ လုပ်ပါလို့ ပြောတာမျိုး မဟုတ်ရင်တောင်မှ ဒီရွေးကောက်ပွဲကော်မရှင် ဘက်ကနေ အစိုးရအပေါ်မှာ အစိုးရက သူ့ကို မီးစိမ်းပြပြီလား မပြသေးဘူးလား ဆိုတာကြည့်နေတဲ့ အခြေအနေကြောင့်မို့လို့ တုပ်တုပ်မလှုပ်တာလို့ မြင်တယ်ပေါ့နော်"

ရွေးကောက်ပွဲကော်မရှင်အနေနဲ့လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကိုလုပ်နိုင်သမျှလုပ်မယ်လို့စိတ်အားထက်သန်မှုကိုမမြင်ရသလို၊ပွင့်လင်းမြင်သာမှုမှာလည်းအားနည်းတယ်လို့သူကဆက်ပြီးဝေဖန်ပါတယ်။

ရခိုင်အမျိုးသားပါတီ နိုင်ငံရေးဦးဆောင်မှုကော်မတီဝင်လည်းဖြစ်၊ လက်ရှိမြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဦးဖေသန်းကလည်းကော်မရှင်အနေနဲ့ရခိုင်မှာရွေးကောက်ပွဲပြန်ကျင်းပဖို့နှောင့်နှေး တာဟာအစိုးရရဲ့သဘောထားလား၊ ကော်မရှင်သဘောထားလားဆိုတာကိုရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ လိုနေပြီလို့ ပြောပါတယ်။

"အခုဒီဘက်မှာ နယ်မြေလည်း အေးချမ်းနေပြီ၊ တပ်မတော်ဘက်ကလည်း ရွေးကောက်ပွဲလုပ်ဖို့ ထောက်ခံ ထားတယ်ဆိုတော့ အစိုးရရဲ့ သဘောထားမှတ်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတောင်း တာလား၊ တောင်းရဲ့သားနဲ့ အစိုးရက ဒါကို မလုပ်သင့်ဘူးလို့ မှတ်ချက်ပေးတာလား၊ နှစ်ခု တစ်ခုခုပေါ့နော်၊ ဖြစ်ဖို့များတာက ဒီဘက်အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ ပြောနေတာကို ထောက်ကြည့်ရင် ဒါကတိုက်ပွဲမဖြစ်ရုံ နဲ့ လုပ်နိုင်တာမဟုတ်ဘူးဆိုပြီး တခြားအကြောင်းတွေပါ ဆွဲထည့်ပြီးတော့ သူတို့ဘက်ကပြောနေတာတွေ ရှိတယ်၊ ဒါကအစိုးရရဲ့ သဘောထားမှတ်ချက်ပေါ်မူတည်ပြီးတော့ ကော်မရှင်က မလုပ်တာပါလို့ ကျနော် တို့ကတော့ ယေဘုယျမှန်းဆလို့ရတယ်၊ တကယ်လို့သာ အစိုးရက လုပ်လို့ရတယ်ဆိုရင် ကော်မရှင် ကလည်း လုပ်မှာပေါ့၊ ဒီအပေါ်မှာတော့ ဖြစ်စဉ်တွေကို ယူအီးစီက ရှင်းပြပေးဖို့ လိုတယ်လို့ မြင်ပါတယ်"

အခုလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးအစိုးရရဲ့သဘောထားမှတ်ချက်သိနိုင်ဖို့နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကိုအွန်လိုင်းကနေတဆင့်စာနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

သမ္မတရုံးပြောခွင့်ရသူဦးဇော်ဌေးကနိုဝင်ဘာ၈ရက်နေ့ကကျန်ခဲ့တဲ့နေရာတွေမှာနောက်ဆက်တွဲရွေးကောက်ပွဲတွေအမြန်ဆုံးကျင်းပနိုင်ဖို့အတွက်ညှိနှိုင်းဆွေးနွေးမှုတွေဆောင်ရွက်သွားမှာပါလို့နိုဝင်ဘာ၁၂ရက်နေ့ကRFA ကိုပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့အခုတစ်လကျော်ကြာတဲ့အထိရခိုင်မြောက်ပိုင်းမှာနောက်ဆက်တွဲရွေးကောက်ပွဲတွေဖြစ်မလာခဲ့ပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်အထွေထွေရွေးကောက်ပွဲအပြီးတစ်နှစ်ကြာမှပြန်ကျင်းပလို့ရမှာဖြစ်ပေမယ့်၊နောက်ဆက်တွဲရွေးကောက်ပွဲတွေဆိုရင်တော့နိုဝင်ဘာ၈ရက်အထွေထွေရွေးကောက်ပွဲအပြီးအခုဒီဇင်ဘာလထဲမှာလုပ်လို့ရတဲ့အခြေအနေရှိခဲ့တယ်လို့နိုင်ငံ‌ရေးအကဲခတ်တချို့ကမှတ်ချက်ပေးပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း၉၊ပုဒ်မ၃၉၉ (င) မှာတော့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာသဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေရသော်လည်းကောင်း၊လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေမှာရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းနိုင် တယ်” လို့ဖေါ်ပြထားပေမယ့်ဆက်စပ်ရွေးကောက်ပွဲနောက်ဆက်တွဲရွေးကောက်ပွဲတွေကိုဘယ်အချိန်မှာကျင်းပရမယ်ဆိုတာအတိအကျဖေါ်ပြမထားပါဘူး။

ဂျပန်အစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်မစ္စတာဆာဆာကာဝါယိုဟီအိဟာနဲ့မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးတို့ဟာရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ရခိုင်မြောက်ပိုင်းဒေသကိုနိုဝင်ဘာ၂၈ရက်နေ့ကသွားရောက်လေ့လာခဲ့သလိုနေပြည်တော်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းတို့နဲ့ပါ တွေ့ဆုံပြီးရခိုင်မြောက်ပိုင်းကချန်လှပ်ထားတဲ့မြို့နယ်ကိုးခုမှာရွေးကောက်ပွဲပြန်လည်ကျင်းပဖို့တိုက်တွန်းခဲ့ဖူးပါတယ်။

ဧရာဝတီသတင်းဌာနနဲ့မစ္စတာဆာဆာကာဝါတို့ရဲ့သီးသန့်အင်တာဗျူးမှာတော့ရခိုင်ပြည်မှာရွေးကောက်ပွဲ ပြန်ကျင်းပဖို့တိုက်တွန်းချက်အပေါ်ကော်မရှင်ဘက်ကလုပ်ပေးချင်တဲ့စိတ်မရှိဘူးဆိုတာတွေ့ရတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်လို့ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးသူရိန်ထွဋ် ကတော့ရခိုင်မှာရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးအတွက်၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကညွှန်ကြားလာရင်ဆောင်ရွက်ဖို့ အသင့်ပြင်ထားပြီး၊ အခုချိန်ထိတော့ကော်မရှင်ဘက်ကတစ်စုံတစ်ရာညွှန်ကြားတာမျိုးမရှိဘူးလို့ပြောပါတယ်။

"ကျနော်တို့ကတော့ ခိုင်းရင်လုပ်မှာပေါ့၊ မခိုင်းရင်မလုပ်ဘူးပေါ့၊ အဲလောက်ပဲ ပြောလို့ရမယ်၊ ကျန်တာ တော့ သိချင်ရင် ယူအီးစီကို မေးကြည့်ပေါ့"

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲအတွင်းရခိုင်မြောက်ပိုင်းကမြို့နယ်ကိုးခုမှာရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့တာကြောင့်မဲပေးခွင့်ရှိသူ၁၆သိန်းကျော်အနက်၁၂သိန်းကျော်လောက်မဲပေးခွင့်ဆုံးရှဲးခဲ့ပါတယ်။

ရခိုင်ဒေသခံတွေကတော့ရခိုင်မြောက်ပိုင်းမှာနောက်ဆက်တွဲရွေးကောက်ပွဲတွေပြန်လည်ကျင်းပပြီးနောက်ရခိုင်ပြည်နယ်အမြန်ဆုံးငြိမ်းချမ်းလာဖို့ကိုမျှော်လင့်နေကြပါတယ်။