ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာအနီးမှာ ဒီနေ့ မနက် ၈ နာရီလောက်က ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားနှစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ ရွာသားတွေဟာ တောထဲမှာရှိတဲ့ စိုက်ခင်းအသီးသီးကနေ ရွာထဲကို ထွက်ပြေးခဲ့ကြပြီး အသက် ၆၀ ဝန်းကျင်ရှိတဲ့ ရွာသားနှစ်ဦးကို စိုက်ခင်းတဲကနေ ခေါ်ယူသွားတာဖြစ်တယ်လို့ ရွာသားတစ်ဦးဖြစ်တဲ့ ဦးအေးသိန်းမောင် ကပြောပါတယ်။
"ပစ်တာကတော့ ပထမလက်နက်ကြီးတစ်ချက်၊ နှစ်ချက်ပစ်ပြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်တယ်။ ၁၅ မိနစ်လောက်ကြာတယ်။ အသံမျိုးစုံ ထွက်သွားတယ်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်မှ ာအသံပြန်ပြီးတော့ ပျောက်သွားတယ်။ နောက် လက်နက်ကြီး တစ်ချက်နှစ်ချက် ပြန်ပစ်တယ်။ အဲဒီလိုပစ်ပြီးတာနဲ့ လက်နက်ငယ်တွေ နဲ့ တရစပ်ပြန်ပစ်တယ်။ တောထဲစိုက်ခင်းတွေမှာ ရှိနေတဲ့ရွာသားတွေက ပြန်ပြေးလာကြတယ်။ ရွာထဲမှာလည်း ဝရုန်းသုန်းကားတွေ ဖြစ်ကုန်ကြတာပေါ့။ အခုလောလောဆယ်တော့ စစ်တပ်က ရွာက လူနှစ်ယောက် အသက် ၆၀ ဝန်းကျင် တစ်ယောက်၊ ၅၈ နှစ် တစ်ယောက်ဟာ သူတို့လက်ထဲမှာ ရှိနေတယ်။ သူတို့အမျိုးသမီးတွေနဲ့ သားသမီးတွေက စိုးရိမ်နေကြပါတယ်"
မိသားစုဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတွေရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တပ်မတော်က မေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူထားတာဖြစ်တယ်လို့ တပ်မတော်သားတစ်ဦးက ပြန်လည်ပြောဆိုခဲ့တယ်လို့ပြောပါတယ်။
ဒါပေမဲ့ ဘယ်တပ်ရင်းက ဘယ်နေရာမှာ ခေါ်ယူစစ်ဆေးနေတယ်ဆိုတာကိုတော့ မသိရဘူးလို့ ရွာသားတွေက ပြောပါတယ်။
ဒီနေ့မနက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရသေးသလို တပ်မတော်ဘက် ကလည်း ဒီကိစ္စအပေါ် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကြိမ်သာကျေးရွာက ရွာခံနှစ်ဦးကို ခေါ်ယူသွားတဲ့ကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီနေ့ ညနေ ငါးနာရီခွဲမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။
တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ကြိမ်သာကျေးရွာဟာ ခြေကျင် မိနစ် ၂၀ လောက်သာကွာဝေးပြီး ကျေးရွာသားတွေက ကြောက်လန့်နေတဲ့အတွက် နေအိမ်အသီးသီးမှာ ဗုံးခိုကျင်းတွေကို အဆင်သင့်တူးထားကြတယ်လို့လည်း သိရပါတယ်။
ဒီနေ့မနက်က ကြိမ်သားကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ရသေ့တောင်မြို့နဲ့ နီးတာကြောင့် ပစ်ခတ်သံတွေကို မြို့ပေါ်ကနေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့မနက်က ရသေ့တောင်မြို့နယ် ရကောင်းချောင်းကျေးရွာမှာ လက်နက်ကြီးတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် ၇ တန်းအရွာကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၁၅ ဦးကိုလည်း တပ်မတော်ရဲ့ ညွှန်ကြားချက်နဲ့ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ ဖမ်းဆီးထားတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံခွင့်မပေးဘူးလို့လည်း သူက အခုလို ဆက်ပြောပါတယ်။
"အဲဒီ နခခ(၃) ကို ကျနော် ဒီနေ့မနက် ၁၀ နာရီမှာ ဖုန်းဆက်တယ်။ အဲဒီမှာ ရဲမှူးတစ်ယောက်နဲ့ တွေ့တာပေါ့။ အဲဒီရဲမှူးကို အကျိုးအကြောင်း မေးကြည့်တယ်။ သူတို့ဆီမှာရှိနေတဲ့ ဒီလူ ၁၅ ယောက်စလုံးကို အမှုဖွင့်မှာလား ဘာလုပ်မှာလဲ မေးကြည့်တော့ လောလောဆယ် အမှုမဖွင့်သေးဘူး၊ ကျနော်တို့ စစ်တုန်းပဲရှိသေးတယ်လို့ ပြောတယ်။ ဒီနေ့ ဆရာတော် နှစ်ပါးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းနဲ့ အဲဒီတပ်ရင်း ကို သွားကြတယ်။ တပ်ရင်းကိုသွားတော့ အဲဒီတပ်ရင်းဝင်ပေါက်မှာ သတင်းပို့ရတာပေါ့။ သတင်းပို့တော့ သူတို့က အတွေ့မခံဘူး"
အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ကိစ္စကို ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေ အတွင်းမှာ အခုရက်ပိုင်းတွေအတွင်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။
ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ် ၄ ခုမှာ ပြီးခဲ့တဲ့ ၅ ရက်ခန့်က စစ်ဘေးဒုက္ခသည် ၅၃၀၀ ခန့်ရှိခဲ့ရာကနေ ဒီနေ့မှာဆိုရင် လူဦးရေ ၆၀၀၀ ဝန်းကျင်ထိ ဖြစ်နေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ပြောပါတယ်။
လတ်တလောမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သောက်သုံးရေ ရရှိရေးအတွက် အရေးတကြီး လိုအပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောပါတယ်။
"ကျနော်တို့ရရှိထားတဲ့ သတင်းအချက်အလက်အပေါ် အခြေခံပြီး ပြောရမယ်ဆိုလို့ရှိရင်တော့ လူဦးရေ ၆၀၀၀ နီးနီးကိုရှိနေပါပြီခင်ဗျ။ တစ်ချို့ ရသေ့တောင်နဲ့ ဘူးသီးတောင်တို့လို နေရာတွေကျတော့ လုံခြုံရေး အခြေအနေအရသော်လည်းကောင်း၊ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေအရသော်လည်းကောင်း ထောက်ပံ့ကူညီမှုတွေ နည်းကြပါတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ လိုအပ်ချက်ကတော့ ကွဲပြားမှုရှိပါတယ်။ ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ အခုရရှိထားတဲ့ ပစ္စည်းတွေအတော်များများက အစားအသောက်နဲ့ နေရာထိုင်ခင်းကို ဦးတည်တာရှိပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာနဲ့ ရေကောင်းရေသန့်ရရှိရေး၊ နောက်ပြီး အိမ်သာစနစ်ပေါ့နော်။ ဒါမျိုးတွေကျတော့ စခန်းတိုင်းလိုလိုမှာ အားနည်းချက်ရှိပါတယ်"
ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတွေ တိုးချဲ့ထားပြီး အရင်ကမရှိခဲ့တဲ့ စစ်တွေမြို့အဝင်မှာ ကားတွေကို စစ်ဆေးတာ၊ စစ်ကြောင်းတွေ နေရာအနှံ့မှာ တွေ့ရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအကြားမှာ နှစ်ဘက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်ကြောင့်မှုတွေ ရှိနေပါတယ်။
စစ်တွေခရိုင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဒေါက်တာ အေးမောင်ကတော့ အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စရပ်တွေကို ပြန်သုံးသပ်သင့်ပြီလို့ ဒီနေ့ ရုံးုထုတ်စဉ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
"ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကို ပြန်တည်ဆောက်ဖို့လိုပြီ။ အခု အမုန်းလှိုင်းတွေဖြတ်နေတယ်။ တိုင်းရင်းသားတွေဆီကနေ အမုန်းလှိုင်းတွေဟာ မြန်မာနိုင်ငံ တစ်ခုလုံးကို အလုံးစုံ ပျက်သုဉ်းရေးကိုရောက်သွားမှာ အင်မတန်ကို စိုးရိမ်မိပါတယ်။ အဲဒီတော့ ကာလုံခေါ်ပါလို့ ကျနော်တို့ပြောခဲ့တာရှိတယ်။ ကာလုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကို ပြန်သုံးသပ်ရမယ့်ကာလမှာ အခု ဦးဇော်ဌေး ပြောတယ်၊ နိုင်ငံတော် သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီ သဘောမျိုး သူပြောသွားတယ်။ သမ္မတရုံးက ထုတ်ပြန်တယ်။ ဒါမဖြစ်သင့်ဘူး။ သမ္မတကြီးဟာ ဖျန်ဖြေတာပဲဖြစ်ရမယ်"
ဘူးသီးတောင်မြို့နယ် ဥယျာဉ်သားကျေးရွာအနီးမှာ ဒီနေ့ ညနေ ၅ နာရီလောက်က ပစ်ခတ်မှုတွေရှိနေပြီး လက်နက်ကြီးတွေဟာ ကျေးရွာအနီးကို ရောက်ရှိပြီး ပေါက်ကွဲတာတွေရှိနေတယ်လို့ ရွာသားတွေကပြောပါတယ်။ ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို နီးစပ်ရာကျေးရွာတွေဆီကို ပို့ဆောင်ထားရတယ်လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။
အစိုးရအနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေပြီး လူမျိုးရေးပဋိပက္ခပြဿနာတွေ ကြီးထွားလာနိုင်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့သာ ဆွေးနွေးအဖြေရှာကြဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးရဟန်းတော်တွေက ဒီနေ့သဘောထားကြေငြာချက်တစ်စောင် ထုတ်လိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။