စစ်တွေ- ရန်ကုန်ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်တာကြောင့် ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၂ ဦး ထဲက စိုးရိမ်ရတဲ့လူနာ ၁ ဦးကို စစ်တွေဆေးရုံကို မနေ့ညပိုင်းမှာ လွှဲပြောင်းကုသပေးနေကြောင်း လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ စစ်တွေ- ရန်ကုန်ကားလမ်းဘေးက ဝေသာလီရွာအနီးမှာ မနေ့ကတိုက်ပွဲကြောင့် အဲဒီအနီး ဗူးရွက်မညိုး ကျေးရွာက မောင်စိုးဝင်းနဲ့ မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်က အောင်သိန်းဝင်းတို့ ထိခိုက်ဒဏ်ရာ ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက အသက် ၂၅ နှစ်အရွယ် မောင်စိုးဝင်းဟာ ဘယ်ဘက်တင်ပုဆုံရိုးအပေါ်ဘက်မှာ သေနတ်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်တွေဆေးရုံကို မနေ့ညက လွှဲပြောင်းပြီး ခွဲစိတ်ကုသမှု ခံယူနေတာလို့ စစ်တွေမြို့ဒေသခံ ဦးသန်းထွန်းက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီး တပ်မတော် စစ်ကြောင်းတစ်ခု ဖြတ်သန်းသွားချိန်မှာ ရက္ခိုင့်တပ်မတော် AA က မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

အဲဒီမိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကျေးရွာအနီး ဘူးရွက်မညှိုးကျေးရွာဘက်ကို တပ်မတော်က ပစ်ခတ်တဲ့အတွက် အရပ်သား ၂ ဦးကို ထိမှန်ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ထိခိုက်တာတွေနဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

မြောက်ဦးမြို့နယ်အတွင်းမှာ AA နဲ့ တပ်မတော်တို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ သေဆုံးတာတွေလည်း ရှိနေပါတယ်။