ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က နတ်ချောင်းဝကျေးရွာအနီးမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့တပ်မတော်ဘက်က AA လှုပ်ရှားရာဒေသတဝိုက်ကို ထိုးဖောက်ဝင်ရောက်ပြီး ထိုးစစ်ဆင်တာလို့ AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပေမယ့် ချင်းပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ဦးစိုးထက် ကတော့ AA က တပ်အင်အားတိုးချဲ့ပြီး လှုပ်ရှားမှုတွေ များလာတဲ့အတွက် အခုလို တိုက်ပွဲတွေဖြစ်ပွားတာလို့ ပြောပါတယ်။
AA တပ်တွေနဲ့ အမ်းအခြေစိုက် ခမရ (၃၇၃) ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုလားတန်မြစ်နဲ့ ပီချောင်းအကြားက နတ်ချောင်း၀ ကျေးရွာအနီးတဝိုက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ "ရွှေလိပ်ဝကျေးရွာ" အရှေ့မြောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေရှိတယ်လို့ ပြည်နယ်အစိုးရဘက်က ပြောပေမယ့် အရေအတွက် အတိအကျကို မသိရသေးပါဘူး။
ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က ကျဆုံးသူ များတယ်လို့ ခိုင်သုခ က ပြောပါတယ်။ AA ဘက်ကတော့ တစ်ယောက်ကျဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်တာမရှိသလို RFA က ဆက်သွယ်ရာမှာလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ရက္ခိုင့့််တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ဟာ နှစ်လအတွင်း ချင်းပြည်နယ်မှာ တိုက်ပွဲအကြိမ်ရေ ၂၀ လောက် ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။
တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းကို AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။
"ဗမာ့တပ်မတော်ဘက်က ရက္ခိုင့်တပ်မတော် အခြေပြုထားတဲ့ဒေသထဲကို ထိုးဖောက် ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာတာဗျ။ အခုလည်း သူတို့က အင်အားတွေထပ်ထည့်ပြီး တိုက်ပွဲဖြစ်ပွားတဲ့တဝိုက်ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ အဲဒါကြောင့် တိုက်ပွဲကတော့ ဆက်ပြီး ဖြစ်နိုင်တဲ့ အလားအလာအများကြီးရှိတယ်"
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ဘက်က သတင်းထုတ်ပြန်တာရှိပေမယ့် တပ်မတော် သတင်းမှန်ပြန်ကြားရေး ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသလို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ကတော့ ကုလားတန်မြစ်ကြောင်း တလျှောက်မှာ AA ဘက်က လှုပ်ရှားမှုတွေ များလာတယ်လို့ ပြောပါတယ်။
"အခုက ပိုဆိုးလာတယ်။ မြစ်ကြောင်းကိုပါ ခြိမ်းခြောက်လာတယ်။ လက်ရှိ AA က မြစ်ကြောင်းမှာပါ ဆယ်ယောက်တစ်ဖွဲ့တွေ ငါးယောက်တစ်ဖွဲ့တွေနဲ့ အဓိက စစ်ဆင်ရေးဆိုတော့လည်း တပ်နဲ့ ဖြစ်တာပေါ့။ ဒါပေမဲ့ လူထုက သွားရလာရတာ တော်တော်ခက်ခဲလာတယ်။ ကုလားတန်မြစ်ကြောင်းက စက်လှေနဲ့ပဲ သွားရတာကိုး။ အင်အားလည်း ပိုများလာတယ်။ ကြားရတဲ့ သတင်းတွေအရ လှုပ်ရှားမှု တအားများလာတဲ့အခါကျတော့ တပ်ဘက်ကလည်း အင်အားတွေတိုးပြီး လုံခြုံရေးအတွက် လုပ်တယ်လို့ ထင်တယ်ဗျ"
ဒီလအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတဲ့ ဒေသခံတချို့ရှိပေမယ့် အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ ချင်းပြည်နယ်မှာ AA နဲ့ မြန်မာ့တပ်မတော်တို့အကြား နှစ်နှစ်တာကာလအတွင်း မကြာခဏ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပြီး အခုချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည် တစ်ထောင်ခန့် ရှိနေတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေနဲ့ဆိုရင် ခန့်မှန်း ၁၃၀၀ ကျော်လောက် ရှိတယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
ဒီဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ဆန်၊ ဆီ၊ ဆား နဲ့ ငွေကြေး ထောက်ပံ့ပေးတာတွေ ရှိပေမယ့် လုံလောက်မှု ရှိမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဒီဒုက္ခသည်တွေဟာ ချင်းလက်၀ ကျေးရွာမှာ ခိုလှုံနေကြပြီး ရေရှည်အတွက် နေရာချထားနိုင်ရေး စီစဉ်နေတယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
"အခုက ဧရိယာ အကျယ်အဝန်း တော်တော်များများရနိုင်တဲ့ မီးစာကျေးရွာကို မြို့လုပ်ဖို့ စီစဉ်နေတာရှိတယ်။ နောက်ပိုင်း သူတို့နေချင်ရင် အဲဒီမှာပဲ နေရာချထားဖို့ စဉ်းစားထားတယ်ဗျ"
လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ သိရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။