ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြတာတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာဌာနတွေကို အီးမေးလ်၊ ဖေ့စ်ဘွတ်မက်ဆေ့ဂျာတွေကနေတဆင့် ခြိမ်းခြောက်တာမရှိဘူးလို့ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရခိုင့်တပ်မတော် AA က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စောင့်ကြည့်လေ့လာဖို့ AA က ဖိတ်ခေါ်ထားပြီးဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် သတင်းသမားတွေဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာ နားလည်တဲ့အတွက် အခုလို ခြိမ်းခြောက်စာပို့တာဟာ AA ရဲ့ ဆောင်ရွက်ချက် မဟုတ်ဘူးလို့ ရေးသားထားပါတယ်။
ရခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက AA နာမည်ခံပြီး ခြိမ်းခြောက်စာပို့နေတာတွေနဲ့ ပတ်သက်လို့ သူ့တို့ရဲ့ ထင်မြင်ချက်ကို အခုလိုပြောပါတယ်။
“AA အနေနဲ့က သတင်းဌာနတွေအပေါ်မှာ ဒီလိုမျိုးခြိမ်းခြောက်စာတို့ဘာတို့ ပို့စရာဘာအကြောင်းမှ မရှိဘူး။ ကျနော်တို့အနေနဲ့က သတင်းထောက်တွေကို ရခိုင်မြေပြင်ကိုလာပြီးတော့မှ သတင်းရယူဖို့ ကျနော်တို့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးမှ ဖိတ်ခေါ်ထားတာ။ သတင်းထောက်တွေကိုလည်း ကျနော်တို့ ပြောချင်တာက ဒီကိစ္စက ကျနော်တို့လုပ်တဲ့ကိစ္စ လုံးဝမဟုတ်ဘူး။ အစိုးရနဲ့ စစ်တပ်ဘက်ကလုပ်တာပဲ လုံးဝသေချာတယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းက Eleven Media၊ 7 days၊ Mizzima၊ One New Myanmar၊ The Voice၊ MCN၊ ရန်ကုန် ခေတ်သစ်နဲ့ The Ladies News အစရှိတဲ့ သတင်းမီဒီယာတွေကို AA အမည်ခံပြီး AA ကို သောင်းကျန်းသူလို့ မသုံးဖို့ ခြိမ်းခြောက်စာပေးပို့ခဲ့တာတွေရှိခဲ့ပါတယ်။
အလားတူ တပ်မတော်ကို ထောက်ခံသူတချို့က အင်တာနက် အီးမေးလ်အကောင့်အတုတွေနဲ့ တပ်မတော်ဘက်က ရပ်တည်ဖို့၊ မမှန်သတင်းရေးသားတဲ့ သတင်းသမားတွေကို အသက်အန္တရာယ်ပေးဖို့အထိ ခြိမ်းခြောက်တဲ့ စာတွေပေးပို့ခဲ့ပါတယ်။
RFA အပါအဝင် တခြားသတင်းမီဒီယာ အဖွဲ့အစည်း ၄ ခုခန့်ကိုလည်း တပ်မတော်ထောက်ခံသူတွေနဲ့ AA ထောက်ခံသူတွေ နှစ်ဖက်စလုံးက ခြိမ်းခြောက်စာတွေကို အင်တာနက်စာမျက်နှာကတဆင့် ပေးပို့ခဲ့ကြပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း သတင်းမီဒီယာတွေအနေနဲ့ မဟုတ် မမှန်သတင်း ထုတ်လွှင့်တယ်လို့ ယူဆရင် တရားဥပဒေအရ ဆောင်ရွက်ဖို့သာရှိပြီး အခုလို အကောင့်အတုတွေ ကနေ ခြိမ်းခြောက်တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို တပ်မတော်အနေနဲ့ ခြိမ်းခြောက်စာပေးပို့တာတွေမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
“ကျနော်တို့အရေးယူမယ်ဆိုရင် တရားဥပဒေတိုင်းပဲ အရေးယူတာရှိတယ်။ မဟုတ်ဘူးမမှန်ဘူးဆိုလို့ရှိရင် တရားဥပဒေအရ လက်ရှိတည်ဆဲဥပဒေအရ အရေးယူတာပဲရှိတယ်။ တရားဝင်အဖွဲ့အစည်းဖြစ်လို့ ဒါမျိုးခြိမ်းခြောက်စရာလည်းမလိုပါဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီနဲ့ တွေ့တုန်းကလည်း သတင်းတွေနဲ့ပတ်သက်ပြီး တက်နိုင်သမျှဆောင်ရွက်ပေးမယ်၊ လုပ်ဆောင်ပေးမယ် ပြောထားတယ်။ မီဒီယာတွေ သတင်းမှန်ရရှိရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်နေတာလည်းရှိတယ်။”
ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်က နှစ်ဖက်စလုံးက ငြင်းဆိုမှာဖြစ်ပြီး ဒီအခြေအနေတွေဟာ သတင်းမီဒီယာတွေအပေါ် အဟန့်အတားတွေဖြစ်စေသလို တိုက်ပွဲဖြစ်ပွားရာဒေသတွေ အတွက်လည်း ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေတယ်လို့ ပြောပါတယ်။
“နှစ်ဖက်လုံးကတော့ ငြင်းမှာပဲ။ သတင်းဖော်ပြမှုမှာတော့ ဘာပဲပြောပြော ကျနော်တို့ စဉ်းစားလာရတာပေါ့ ဒီလိုမျိုးဖော်ပြလိုက်ရင် အေအေဘက်က ဘယ်လိုမြင်မလဲ တပ်မတော်ဘက်ကကော ဘယ်လိုမြင်မလဲ ကျင့်ဝတ်နဲ့အညီလုပ်ဖို့အတွက် ပိုပြီးတော့ တွန်းအားပေးမှုတစ်ရပ်လို့ပဲ ပြောလို့ရပါတယ်။ ဒါကတော့ ကောင်းတဲ့တပိုင်းပေါ့။ မကောင်းတဲ့တပိုင်းကတော့ ဒီသတင်းကို ဖော်ပြလိုက်လို့ရှိရင် ငါက ဘယ်လောက်ပဲ Balance လုပ်လုပ် နှစ်ဖက်လုံးမှာ တစ်ဖက်ဖက်က ပြဿနာရှာနိုင်တယ်ဆိုပြီးတော့ မဖော်ပြဘဲ ကျော်သွားတာတွေလည်း ရှိကောင်းရှိလာနိုင်တယ်။ အဲလိုသတင်းမျိုးတွေမဖော်ပြနိုင်ဘူးဆိုရင် အဲဒေသမှာရှိတဲ့ လူထုရဲ့ ခံစားရမယ့်ဒုက္ခက အခုထက်ပိုပြီးတော့ အဆပေါင်းများစွာ ပိုပြီးခံစားရမယ်။”
AA အဖွဲ့က ခြိမ်းခြောက်စာပေးပို့တယ်ဆိုပြီး ဆောင်ရွက်နေတာတွေဟာ ရခိုင့်တပ်မတော်နဲ့ သတင်းမီဒီယာတွေကြား ရန်တိုက်ပေးသလိုဖြစ်နေပြီး မီဒီယာတွေကို ရခိုင်ပြည်နယ်အတွင်း သတင်းရယူဖို့ ကြောက်ရွံ့အောင်ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်လို့ ရှုတ်ချတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က လက်ရှိအခြေအနေတွေအရ အစိုးရတပ်မတော်နဲ့ AA ရဲ့ တိုက်ပွဲ တွေဟာ လာမယ့် ၂၀၂၀ လောက်အထိ ဆက်လက်ပြင်းထန်လာနေဦးမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“တပ်မတော်ဘက်ကတော့ အစားထိုးစရာအင်အားတွေရှိတော့ သူကတော့ အရှိန်ကမကျနိုင်ဘူး။ အေအေ ခြေကုန်လက်ပမ်းကျလာတဲ့ အခြေအနေမျိုးတွေရှိလာနိုင်တယ်။ အဲလိုအချိန်ရောက်လာရင်တော့ တိုက်ပွဲအရှိန် လျော့သွားနိုင်တယ်။ အဲအခါကျရင် နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတွေကို ရောက်လာနိုင်မယ့် အနေအထား ရှိပါတယ်။ ဒါပေမဲ့ အခု ၂၀၁၉ နှစ်အတွင်းမှာ အဲအလားအလာနည်းပါးတယ်လို့ ပြောချင်ပါတယ်။ အနည်းဆုံး ဒါ ၂၀၂၀ လောက်ကျမှ တစ်စုံတစ်ရာ အရှိန်အဟုန်လျော့ကျတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂၆၀၀၀ ကျော်ရှိသွားပြီလို့ ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရသိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။