ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဩဂုတ်လ ၂ ရက် ညနေက ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားခဲ့တယ်လို့ ALP က မနေ့က ထုတ်ပြန်ပါတယ်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာရှိတဲ့ သူရဲ့နေအိမ်ကနေတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး သူနဲ့အတူ အဋ္ဌမတန်းကျောင်းသားတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ အခုလိုလုပ်ဆောင်တာဟာ ရခိုင်အမျိုးသားစည်းလုံး ညီညွတ်ရေးကို ထိပါးစေပြီး လုံးဝမဖြစ်သင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) က ပြောဆိုပါတယ်။
ယခင်က ဖမ်းဆီးခံထားရတဲ့ ALP ခေါင်းဆောင်တချို့နဲ့ ပါတီဝင်ရဲဘော်တွေကိုလည်း ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားဆဲဖြစ်ပြီး အရေအတွက်အတိအကျကိုတော့ ALP က ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
ALP နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပန်းတိုင်တစ်ခုကို ချီတက်နေကြတဲ့ အဖွဲ့အစည်းတွေဖြစ် တာကြောင့် အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမယ့် မလိုလားအပ်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်လွှဲဖို့နဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ALP က တောင်းဆိုပါတယ်။
ALP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တုံ့ပြန်ချက်ကို သိရဖို့ RFA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ALP ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း အပါအဝင် ALP ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းနဲ့ ခေါင်းဆောင်တချို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလို တွေ့ဆုံမှုကြောင့် ALP ဟာ ရခိုင်ဒေသခံတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ကတည်းက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပါတယ်။