မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီးသည်တင်ကားကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က စွပ်စွဲထားသလို အဲဒီမီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပြန်မရောက်ကြသေးပါဘူး။
မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ ခရီးသည် ၁၆ ဦးတို့ လိုက်ပါလာတဲ့ ခရီးသည်တင်ကားဟာ အောက်တိုဘာလ ၁၁ ရက် မနက် ၁၀ နာရီပိုင်းလောက်က မြောက်ဦးမြို့နယ် ထမရဇ်ရွာအနီးမှာ AA တပ်ဖွဲ့က တားဆီးပြီး ခေါ်ဆောင်သွားတာ လို့ သိရပါတယ်။
မန္တလေး-စစ်တွေ ရွှေပြည်သစ်ယာဉ်လိုင်းက ခရီးသည်တင်ကားဟာ မန္တလေးကနေ အောက်တိုဘာလ ၁၀ ရက်နေ့က ထွက်ခွာလာတာဖြစ်ပါတယ်။
မြောက်ဦးမြို့နယ် ထမရဇ်ရွာအနီးအရောက်မှာ AA အဖွဲ့က ဖမ်းဆီးသွားတာကြောင့် တပ်မတော်စစ်ကြောင်းက သူတို့ပြန်လည်လွတ်မြောက်ရေးအတွက် လိုက်လံရှင်းလင်းရင်း အောက်တိုဘာလ ၁၂ ရက် ညနေ ၆ နာရီဝန်း ကျင်လောက်မှာ AA နဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
“မနေ့ကတုန်းက ထမရဇ်ရွာနားမှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကို ခေါ်သွားတာရှိတယ်။ အဲဒီနောက်ကို စစ်ကြောင်းတွေပို့ပြီးတော့ နောက်ကနေ နယ်မြေရှင်းလင်းရေးလိုက်လုပ်ရတယ်။ အဲလိုနယ်မြေရှင်းလင်းရေး လုပ်တဲ့ တပ်နဲ့ မနေ့ကတော့ထိတွေ့မှုဖြစ်တာ။ ကျွန်တော်တို့ဆီက အလောင်း၊ လက်နက်ရထားတာတော့ရှိတယ်။ အခု ဆက်ပြီးတော့ နယ်မြေရှင်းနေတယ်"
ခရီးသည်တင်ယာဉ်နဲ့အတူ လိုက်ပါလာသူတွေထဲမှာ မီးသတ်သမား ၁၉ ယောက်၊ ခရီးသည် ၁၂ ယောက် ပါဝင် ပါတယ်။ ခရီးသည်တွေထဲမှာ ရှစ်ယောက်က အေးရှားဝေါ ကုမ္ပဏီ လမ်းလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
ယူနီဖောင်းဝတ်ဆင်ထားကြတဲ့ ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား မီးသတ်သင်တန်းဆင်း လူငယ် ၁၈ ယောက်နဲ့ ဒု-မီးသတ် ဦးစီးမှူး တစ်ဦးတို့ဟာ စစ်တွေ၊ ကျောက်တော်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီး ကဖြစ်ပြီး ဇီးပင်ကြီးကနေ သင်တန်းဆင်းပြီး နေရပ်အသီးသီးကို ပြန်ကြရတာ ဖြစ်ပါတယ်။
မီးသတ်ဆိုတာ စစ်တပ်ရဲ့ အဓိက အရံအင်အားတစ်ခုဖြစ်တယ်
မြောက်ဦးမြို့ မြောက်ဘက် ကန်ကြီးကုန်းအရောက်မှာ အရပ်ဝတ်လူတစ်ဦးက တားတာကြောင့် ကားရပ်ပေးခဲ့ချိန် လက်နက်ကိုင် ဆယ်ဦးခန့်ထွက်လာပြီး ကားပေါ်ပါလာသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ကားသမားတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်ယူနီဖောင်းနဲ့ ဝတ်ဆင်ထားတာကို တပ်မတော်သားတွေလို့ အထင်မှားပြီး ဖမ်းတာဖြစ်မယ်လို့ ယူဆ ရကြောင်း အမည်မဖော်လိုတဲ့ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။
အဖမ်းခံရရသူတွေအတွက် စိုးရိမ်ကြောင်း၊ အမြန်ဆုံးပြန်လွှတ်စေလိုကြောင်း မီးသတ်အရာရှိနဲ့ မိသားစုတွေက ပြောပါတယ်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဖမ်းဆီးခံရမှုဟာ ခရီးသည်တင် ယာဉ်လိုင်းတစ်ခုခုက သတင်းပေးလို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ရခိုင်မှာပြေးနေတဲ့ကားတွေက ရှင်းရှင်းပြောရရင် AA ကနေပြီးတော့ အရင်းအနှီးပေးပြီး ထောင်ထားတဲ့ ကားတွေလို့တောင် ပြောလို့ရတယ်။ ဒါကတော့ ကျွန်တော် စွပ်စွဲတာ မဟုတ်ဘူး။ ကျွန်တော်တို့ရထားတဲ့ သတင်းတွေအရ ရခိုင်မှာပြေးနေတဲ့ ခရီးသည်တင်ယာဉ် တော်တော်များများက AA ရဲ့ ကျောထောက်နောက် ခံပြုထားတဲ့ အသင်းတွေလို့တောင် ပြောလို့ရတယ်။ အဲကျတော့ သူတို့ရဲ့ စိတ်ထဲမှာ ဒီကားမှာ တပ်ကအဖွဲ့တွေ ပါလာတယ်ဆိုပြီးတော့ သတင်းရပြီး ထမရစ် မြောက်ဘက်နား ရွာအဝင်မှာ ကားကိုရပ်ပြီးတော့မှ ခေါ်သွားတာ။ ဒါပေမဲ့ ကျွန်တော်တို့တပ်က တစ်ယောက်မှမပါဘူး။ မီးသတ်ဝန်ထမ်းတွေ"
ဒီလို စွပ်စွဲပြောဆိုမှုအပေါ် ရက္ခိုင့်တပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက

"မီးသတ်ဆိုတာ စစ်တပ်ရဲ့အဓိကအရံအင်အားတစ်ခုဖြစ်တယ်။ ကျွန်တော်တို့စစ်ဆင်ရေး ဧရိယာထဲမှာ မသင်္ကာစရာ လှုပ်ရှားသွား လာမှုတွေရှိရင်တော့ လုံခြုံရေးအရ လိုအပ်တဲ့အရေးယူ စစ်ဆေး မှုကတော့ ရှိနိုင်ပါတယ်။ ဒါကလုပ်ကိုလုပ်ရမယ့် အလုပ်ဖြစ်တယ်။ အခုလောလောဆယ်တော့ သူတို့ကို ကျွန်တော်တို့ စစ်ဆေးနေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုလုပ်မလဲဆိုတာကတော့ ဘာမှမပြောနိုင်သေးဘူး"
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ တစ်ဘက်နဲ့တစ်ဘက် မသင်္ကာ သူတွေကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တပ်မတော် က သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သူ ရာချီရှိနေပါပြီ။ သြဂုတ် ၂၁ ကနေ စက်တင်ဘာ ၂၀ အထိ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ရာမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေ ခြောက်သောင်းကျော်အထိရှိနေသလို အရပ်သားသေဆုံးသူ ၉၀ နီးပါး ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၀ ကျော်ရှိနေပြီလို့ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။
(RFA သတင်းထောက် မဖြူဖြူခိုင် ပေးပို့သည်)