CDF မင်းတပ်ကို ရက္ခိုင့်တပ်တော် AA ဆက်လက်ကူညီသွားမည်

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ် တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ် တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (CDF Mindat)

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ကို ရက္ခိုင့်တပ်တော် AA က အိမ်နီးချင်းကောင်း မိတ်ဖက်အဖွဲ့ အဖြစ်နဲ့ ဆက်လက်ရပ်တည် ကူညီပေးသွားမယ်လို့ AA အာလဖာ (၃) စစ်ဒေသက ပြောလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ CDF မင်းတပ်တည်ထောင်ခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်မှာ AA အာလဖာ (၃) စစ်ဒေသက သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA က CDF မင်းတပ် စတင်တည်ထောင်ချိန်ကနေ နှစ်နှစ်ကျော်ကာလအထိ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် အကောင်းဆုံးရပ်တည်ပေးနေပြီး ဆက်လက်ကူညီပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ သဘောထားမှတ်ချက် သိနိုင်ဖို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ် CDF မင်းတပ်တို့ တိုက်ပွဲတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၅၅ ဦး အသက်ပေးခဲ့ရပါတယ်။

CDF မင်းတပ် တည်ထောင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ CDF မင်းတပ် အဖွဲ့ဝင် ၃ဝ ကို စစ်သင်တန်းပေးခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်နှစ်တာကာလအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၄၅၀ ကျော် သေဆုံးခဲ့တယ်လို့ CDF မင်းတပ်က ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။