အကျဉ်းစခန်းတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရေးယူဖို့ BROUK တောင်းဆို
2024.09.12
ရခိုင်ပြည်နယ်မှာ နှစ်ရက်အတွင်း လူပေါင်း ၇ဝ လောက် အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အရေးယူဖို့ နိုင်ငံတကာကို ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က စက်တင်ဘာ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၈ ရက်နဲ့ ၉ရက်နေ့တွေမှာ မောင်တောနဲ့ ပေါက်တောက အာရက္ခတပ်တော် (AA) ရဲ့ ယာယီအကျဉ်းစခန်းတွေကို စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေ၊ အရပ်သားတွေနဲ့ ထိန်းသိမ်းခံထားရသူ အနည်းဆုံး လူပေါင်း ၇ဝ လောက် သေဆုံးခဲ့တဲ့အပေါ် BROUK က တောင်းဆိုချက်ထုတ်ပြန်လိုက်တာပါ။ ရိုဟင်ဂျာတွေအပါအဝင် အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ အာရက္ခတပ်တော် (AA) ရဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့လည်း BROUK က တောင်းဆိုထားပါတယ်။
အရပ်သားတွေနေထိုင်တဲ့နေရာတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်တပ်က လူ့အသက်တွေကို လျစ်လျူရှုတာ သိသာထင်ရှားတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင် က ပြောပါတယ်။ ဒါ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ ဒီလိုတိုက်ခိုက်မှုတွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့ နိုင်ငံတကာအသိုက်အဝန်းက ချက်ချင်းအရေးယူရမှာဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် မြန်မာစစ်ကောင်စီက တာဝန်ခံရမယ်လို့ ဦးထွန်းခင်က ပြောထားပါတယ်။ မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ ဘဏ္ဍာငွေ စီးဆင်းမှု ဖြတ်တောက်နိုင်ဖို့ သိသာထင်ရှားတဲ့ ကြိုးပမ်းဆောင်ရွက်ချက်အသစ်တွေ မရှိသေးသလို ICJ ရဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူနိုင်တာ မရှိသေးဘူးလို့လည်း BROUK ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တစ်ပြိုင်တည်းမှာပဲ ပဋိပက္ခဒေသတွေမှာ ရိုဟင်ဂျာတွေအပါအဝင် အရပ်သားတွေကို AA က ဆက်လက်ဖမ်းဆီးထိန်းသိမ်းတဲ့လုပ်ရပ်အပေါ် စိုးရိမ်ထိတ်လန့်ကြောင်းနဲ့ ဒါကို ရပ်တန့်ဖို့လည်း BROUK က တိုက်တွန်းထားပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ရာရောက်သလို ပဋိပက္ခတွေကြားက ထိခိုက်လွယ်တဲ့ အရပ်သားတွေအပေါ် ပိုပြီး ဒုက္ခများစေတယ်လို့ ဆိုပါတယ်။
AA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ပြီး၊ နှုတ်ဆိတ်နေတာဟာ အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်ခွင့်ပေးရာ ရောက်သလို နောက်ထပ်ကျူးလွန်မှုတွေကို အားပေးရာရောက်တယ်လို့လည်း ဦးထွန်းခင်က ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ အရပ်သားတွေကို အလျင်အမြန် အကာအကွယ်ပေးဖို့၊ စစ်ကောင်စီယန္တရားကို အထောက်အပံ့ဖြစ်စေတဲ့ အရင်းအမြစ်တွေအားလုံး ဖြတ်တောက်ဖို့ ၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ အဖွဲ့အစည်းအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ ဆောင်ရွက်ပေးရမယ်လို့ BROUK က တောင်းဆိုထားပါတယ်။
BROUK ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေသလို အာရက္ခတပ်တော် (AA) ပြောခွင့်ရှိသူ ဦးခိုင်သုခကို စာပို့မေးမြန်းထားပေမဲ့လည်း တုံ့ပြန်တာမရှိသေးပါဘူး။