ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ကြီးရွာအနားက နပခ လက်အောက်ခံ၊ အမြောက်တပ်ရင်း (၃၇၃)ရဲ့ ယာယီလက်နက်ကြီးစခန်းကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီစခန်းကနေ ရုပ်အလောင်း ၁၀ လောင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ ထည့်ထားတဲ့ ခြင်းတောင်း ၁၈ လုံးကို သိမ်းဆည်းရမိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
MG 42 စက်သေနတ်အကြီးစား တစ်လက်၊ MA ချေမှုန်းရေးရိုင်ဖယ် လေးလက်၊ ၆၀ မမ မော်တာသီး ခြောက်လုံး၊ RPG သုံးလုံး၊ စစ်ဦးထုတ် ကိုးလုံး၊ ဗိုလ်ကြီးရာထူးအဆင့်ရှိတဲ့ ယူနီဖောင်းတစ်စုံကို AA က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှာ တွေ့ရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး အဲဒီယာယီစခန်းကနေ တပ်မတော်က ပစ်ခတ်နေတာတွေကြောင့် ပြန်တိုက်ခိုက် တာဖြစ်တယ်လို ရခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
"စစ်တပ်က ၂၁ ရက်ကစပြီး ထိုးစစ်ဆင်တယ်။ ကျနော်တို့ဘက်ကလည်း မလွှဲမရှောင်သာ ပြန်ပစ်ခတ်ရ တာတွေရှိတယ်။ လက်နက်ကြီးစခန်းကနေ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်တာတွေကိုလုပ်နေတယ်။ အဲလိုမျိုးလုပ်နေလို့ ကျနော်တို့ဘက်လည်း မလွှဲမရှောင်သာ တက်ရောက်ရှင်းလင်းရတာဖြစ်တယ်။"
အဲဒီနေရာက တိုက်ပွဲနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး၊ ဗိုလ်မှူးကြီးဝင်းဇော်ဦးက RFA ကို အခုလိုပြောပါတယ်။
"တိုက်ပွဲဖြစ်တာတော့ မှန်ပါတယ်ခင်ဗျ။ ကျန်တာတော့ ဘာမှ ဂဃနဏ မသိရသေးပါဘူး။"
တပ်မတော်က စက်တင်ဘာ ၂၁ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ညဘက်တွေမှာ နေရာအနှံ့ပစ်ခတ်နေတာကြောင့် ရခိုင့်တပ်တော် AA ကနေ စက်တင်ဘာ ၂၂ ရက် ညနေမှာ ၃ နာရီကြာအောင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်လက် နက်ပစ္စည်းတွေ သိမ်းဆည်းရမိတာလို့လည်း သိရပါတယ်။
ခိုင်သုခက တိုက်ပွဲအတွင်း သူတို့ဘက်မှာ ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ ပြောပါတယ်။
ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက အဲဒီတိုက်ပွဲဖြစ်တဲ့နေရာနားက မိချောင်းတက်၊ ယိုဆနွန်ကျေးရွာက ဒေသခံတွေကတော့ ကျီးခေါင်းတောင်၊ တောင်ကြီးရင်းအပါဝင် ကျေးရွာတချို့က နီးစပ်ရာဆွေမျိုးတွေအိမ်ကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
"လမ်းပေါ်မှာတော့မဟုတ်ဘူး။ အဲဒီရွာနှစ်ရွာကြားက တောင်တန်းပေါ်ကနေ သေနတ်သံကြားတယ်ပြောတယ်။ သေနတ်သံလောက်ပဲကြားတာပါ။ သူတို့ကတော့ ကိုယ်တိုင်ကိုယ်ကျ မြင်တာမဟုတ်ပါဘူး။ လက်နက်ကြီး သံတွေကြားရတယ်။ သေနတ်သံတွေ ကြားရတဲ့အတွက်ကြောင့် ယိုးစနွန်းက ဒေသခံတွေကတော့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတာ။"
ဒေသခံတဝက်လောက်က တခြား လုံခြုံတဲ့ကျေးရွာတွေဘက်ကို ထွက်ပြေးနေတာတောကြောင့် အဲဒီကျေးရွာတွေမှာ အမျိုးသားတချို့နဲ့ ဘုန်းတော်ကြီးကိုသာ တွေ့ခဲ့ရတယ်လို့ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
"ရွာထဲမှာ လူတွေကတော့ ကြောက်နေကြတာပေါ့။ ပြီးတော့ ရွာထဲမှာ တစ်ဝက်လောက် မရှိတော့ဘူးပေါ့နော်။ ယောက်ျားတွေနဲ့ မိန်းမတွေနဲ့ နည်းနည်းအရွယ်ကြီးတဲ့သူတွေပေါ့။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ရွာနဲ့ဝေးတဲ့၊ စစ်နဲ့ဝေးတဲ့နေရာတွေကို ပြေးသွားကြပြီပေါ့နော်။ အဲဒီနေရာမှာ ဖြစ်နေတယ်။ နောက်ထပ်လည်း ဖြစ်နိုင်တဲ့အခြေအနေရှိတာကြောင့် ရွာတွေကို တဖွဲ့ဖွဲ့ကများ ဒုက္ခလာပေးမလားဆိုပြီး ကြိုပြီးတော့ ထွက်ပြေးကြတဲ့သဘောပါ။"
ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာနားမှာ စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်ကလည်း အပြန်လှန်ပစ်ခတ် တာတွေရှိခဲ့တဲ့အကြောင်း၊ မင်းပြားမြို့နယ် ကျော်ကရွာနားက တောင်တန်းပေါ်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရပါတယ်။
တပ်မတော်က ပြီးခဲ့တဲ့လတွေအတွင်း ထုတ်ပြန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲထားမယ့် နယ်မြေများစာရင်းမှာ ရခိုင်ပြည်နယ် မပါဝင်ထားပါဘူး။ အဲဒီ အပစ်ရပ်ကြေညာချက်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သက်တမ်းကုန်သွားခဲ့ပါပြီ။
AA ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက် မကြာသေးခင်က ထွက်ပေါ်လာခဲ့ပြီး အဲဒီကြေညာချက်မှာတော့ ဒီဇင်ဘာအထိ အပစ်ရပ်ထားမယ်လို့ ဖော်ပြထားပါတယ်။
အပစ်ရပ်ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် တိုက်ပွဲတွေကတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်းက ပေးပို့သည်)