မြေပုံမြို့ကို AA သိမ်းပိုက်၊ AA ထိန်းချုပ်တဲ့မြို့ ခုနစ်မြို့အထိ ရှိလာ

ရခိုင်ပြည်နယ် မြေပုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်လိုက်ပြီး ထိန်းချုပ်ထားတဲ့မြို့ ခုနှစ်မြို့အထိရှိသွားပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲကာလ သုံးလအတွင်း ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြိုစတဲ့ မြို့တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ စတဲ့ မြို့ခုနစ်မြို့ကို AA က သိမ်းပိုက်ထားတာပါ။

လက်ရှိမှာလည်း ရမ်းဗြဲ၊ ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင်စတဲ့ မြို့တွေကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိုးစစ်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ပေါင်းပြီး ခုခံကာကွယ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလို ခုခံရာမှာ စစ်ကောင်စီတပ်ဟာ စစ်ပွဲအရှုံးတွေ၊ လူမျိုးရေးအမုန်းတွေနဲ့ သွေးပျက်ကြောက်လန့်နေတာတွေကြောင့် အရပ်သားတွေနေတဲ့ မြို့ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်စစ်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တစ်ခုလုံးကိုလည်း လက်နက်ချ အညံ့ခံဖို့ AA က သတိပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။