ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။
အရင်ကဖမ်းဆီးခံ ၉ ဦးထဲက ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်း၊ ကိုမြတ်လင်းဦးတို့ ၈ ဦးကို မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့က ရဲမှူး ဦးတင့်ရွှေက တရားလို့လုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က)နဲ့ တရားစွဲတင်ပို့လာခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးက လက်ခံခဲ့ပါတယ်။
AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးကို ဒီနေ့မှာ ရမန် ယူခဲ့တဲ့နေရာအမှုမဟုတ်တော့ဘဲ အမှုပြင်ဆင်တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။
ဒီအမှုမှာ နောက်ထပ် ကိုသန်းထွန်းနိုင်၊ ကိုစိုးမြင့် စတဲ့နှစ်ဦးကို ဆက်စပ်တရားခံအဖြစ် သတ်မှတ်ပြီး တရားခံပြေးအဖြစ် ကြေညာထားတယ်လို့ အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က အခုလို ပြောပါတယ်။
“အဲဒီနှစ်ယောက်က ဒီအမှုနဲ့ဆက်စပ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် အဲဒီနှစ်ယောက်ကို ရာဇဝတ်အထွေထွေဥပဒေ အမှုအမှတ် ၅၇/၂၀၁၉ နဲ့အရေးယူပါတယ်၊ ပုဒ်မက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) / ရာဇဝတ်ကျင်ထုံးဥပဒေ ၅၁၂ တရားခံပြေးပေါ့၊ နှစ်မှုတွဲ ရက်စွဲတင်လာတယ်၊ အဲဒီလို တရားပြေးမှုနဲ့ စွဲတင်လာတဲ့အတွက် ကျနော်တို့က ဥပဒေအရ တရားခံပြေးအမှုကို ဥပဒေအရ အရင်ဆောင်ရွက်ရတယ်၊ အဲဒီအတွက် တရားခံပြေးတွေကို ဖမ်းဝရမ်းထုတ်ပြန်ပါတယ်”
ကိုအောင်မြတ်ကျော် ပါ ၈ ဦးဟာ စင်္ကာပူနိုင်ငံမှာ AA အဖွဲ့ကို ငွေကြေးကောက်ခံထောက်ပံ့တာ၊ AA ဆယ်နှစ်ပြည့် အခမ်းအနားကို စင်္ကာပူနိုင်ငံမှာ ကျင်းပတာကြောင့် စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးတာတွေ တွေ့ရှိရတာကြောင့် အခုလို အမှုဖွင့်အရေးယူတာလို့လည်း တိုင်ကြားစာပါအကြောင်း အရာရှိ ဦးမင်းသန့်က ပြောပါတယ်။
ပထမဖမ်းဆီးထားတဲ့ ၉ ဦးထဲမှာပါဝင်တဲ့ ကိုအောင်မျိုးဝင်းကိုတော့ ဒီ ၈ ယောက်နဲ့မတူဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)နဲ့ သီးခြားတရားစွဲဆိုဖို့ပြီး သီးခြားရမန်ရယူခဲ့တယ်လို့ သိရပါတယ်။
ဒီဖမ်ဆီးခံ ရခိုင်လူငယ် ၆ ဦးရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက သူအမှုသယ်တွေပြောဆိုချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“နေရာထိုင်ရတာ စားရသောက်ရတာ အားလုံးအဆင်ပြေတယ်၊ သူတို့အနေနဲ့လည်း ဥပဒေအတိုင်း ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမယ်လို့ ကျနော်ကို ပြောခဲ့တယ်၊ လှေကားပေါ်ကအဆင်းလည်း ပြောသွားတယ်တချို့လည်းကြားမှာပါ၊ ရခိုင်မှာ ရေကြီးတယ် အဲဒီအတွက်နဲ့ သူတို့အလှူငွေတွေ ကောက်ခံပြီးတော့ လှူဒါန်းရတာတွေရှိတာပေါ့၊ သူတို့စင်္ကာပူအုပ်စုဆိုတော့ အဲဒီလိုမျိုးတွေရှိတယ်လို့ ပြောသွားတယ်ဗျ”
ဒီနေ့ ရုံးထုတ်မှာ မိသားစုဝင်တွေနဲ့ ဖမ်းဆီးခံ ရခိုင်လူငယ် ၈ ဦးရဲ့ မိသားစုဝင်တွေဟာ တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။
တွေ့ဆုံခွင့်ရခဲ့တဲ့ ရခိုင်စင်္ကာပူအသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်မိခင်က သူသားကျန်းမာရေး ကောင်းကောင်းမွန်မွန်နဲ့ တေ့ွရကြောင်း ပြောပါတယ်။
“ကျန်းကျန်းမာမာနဲ့ ရှိပါတယ်နော် အန်တီ့ သား၊ စောက်ရှောက်ထားတဲ့ လူကြီးမင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့၊ ဆက်လက်ပြီးတော့လည်း အန်တီ့သားလေးတွေကို ဒီထက်မက စောင့်ရှောက်ထိန်းသိမ်းပြီးတော့ ကျန်းမာအောင်ပြုစုပေးပါလို့ ပြောချင်ပါတယ်”
ဒီဖမ်းဆီးခံ ရခိုင်အမျိူးသားတွေအမှုမှာ နောက်ထပ်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် ၁၁ ယောက်ဖြစ်သွားပြီး နောက်ရုံးချိန်းကို သြဂုတ်လ ၂၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)