မြောက်ပိုင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄ ဦးရှိ

0:00 / 0:00

မြောက်ပိုင်းမဟာမိတ်တိုက်ဖွဲ့ရဲ့ ပြင်ဦးလွင် နောင်ချိုပစ်ခတ်မှုမှာ တပ်မတော်သား၊ ရဲတပ်ဖွဲ့နဲ့ အရပ်သား သေဆုံးသူ ၁၄ ဦးရှိသွားပြီး တိုက်ပွဲရှောင် ဒုက္ခသည် ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်အရာရှိ စစ်သည် ကိုးဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား နှစ်ဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးပျောက်ဆုံးနေတယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ကလည်း နောင်ချိုအထက်ဘက်မှာ တံတား ငါးစင်းမိုင်းခွဲခံခဲ့ရကြောင်း နောင်ချိုမြို့နယ် စေတနာမွန်အသင်းက ဦးနေသာဦးက ပြောပါတယ်။ လားရှိုးလူငယ်အသင်း ဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တဲ့အပေါ် မဖြစ်သင့်ကြောင်း ပရဟိတအသင်းတွေကိုတော့ မပစ်ခတ်သင့်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး အခြေအနေလည်းမကောင်းဘူးလို့ ပြောပါတယ်။ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က လူနာတင်ကားကို ထိမှန်တဲ့ကျည်ဟာ ဘယ်အဖွဲ့က ကျည်ဆန်လဲဆိုတာ မသိရသေးကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရှိတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့နယ်မဟာစည် ဘုန်းကြီးကျောင်းနဲ့ အချို့နေရာတွေမှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ လောက်ရှိနေပြီလို့ ကွတ်ခိုင်မြို့နယ် ဗြဟ္မစိုရ် နှလုံးသားအသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လူမှုရေးအသင်းအဖွဲ့တွေကို မပစ်ခတ်သင့်ကြောင်း နားလည်ပေးဖို့ လိုအပ်ကြောင်း လက်ရှိ ကွတ်ခိုင်မှာ အရေးပေါ်လူနာရှိနေပေမယ့် ပို့ဆောင်ဖို့ အခက်အခဲဖြစ်နေကြောင်း စစ်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာလည်း ကုန်ပစ္စည်းတွေကို ဈေးအဆမတန်မြင့်ပြီး မရောင်းဖို့ တိုက်တွန်းထားကြောင်း ပြောပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)