ABSDF ဒုဥက္ကဋ္ဌကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထပ်မံစွဲဆိုတာ အတည်ပြုလို့မရသေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ထပ်ပြီးအမှုဖွင့်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဒီကိစ္စကို အတည်ပြုလို့မရသေးဘူးလို့ သူ့ရဲ့ရှေ့နေ ဦးတင်လှိုင်က RFA ကို ပြောပါတယ်။

လက်ရှိအချိန်ထိ တရားရုံးမှာ အမှုထပ်တိုးဖွင့်တဲ့အကြောင်း မပြောသေးတာကြောင့် အတည်ပြုလို့ မရသေးတာလို့ ပြောပါတယ်။

ဦးဆောင်ဆွေဦးဟာ လက်ရှိမှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

ဒီလိုထပ်မံတရားစွဲခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ မိုးညှင်းမြို့မရဲစခန်းကို ဆက်သွယ်အတည်ပြုနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

အစိုးရအဖွဲ့နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဒုတိယဥက္ကဋ္ဌ အပါအဝင် ၃ ယောက်ကို ကချင်ပြည်နယ် မိုးညှင်းမြို့က ABSDF အဖွဲ့ဝင်ရဲ့ နာရေးကိုတက်ရောက်တဲ့ကိစ္စကို အကြောင်းမကြားခဲ့တာကြောင့် မတရားအသင်းဥပဒေနဲ့ မိုးညှင်းမြို့မရဲစခန်းကနေ အမှုဖွင့် ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။