အာဏာသိမ်းတဲ့သက်တမ်း ရက် ၇၀ ကျော်လာတဲ့ စစ်ကောင်စီဟာ အုပ်ချုပ်ရေးအာဏာစက်ရဖို့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြန်ဖွဲ့စည်းဖို့ ကြိုးစားနေသလို၊ ပြည်သူတွေနာခံအောင် ဧည့်စာရင်းဥပဒေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတာ တွေ့ရပါတယ်။
ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်တွေကိုဖမ်းပြီး အာဏာသိမ်းလိုက်တဲ့အတွက် ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဖယိုဖရဲဖြစ်နေတဲ့ အုပ်ချုပ်ရေးကိုကိုင်တွယ်ဖို့ ပထမဆုံး ခြေလှမ်းအနေနဲ့ ဖျက်သိမ်းပြီးသား ဧည့်စာရင်းဥပဒေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြန်ပြီးပြဌာန်း လိုက်ပါတယ်။
ရန်ကုန်တိုင်းမှာဆိုရင် မြို့နယ်တွေမှာ ယာယီအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်နေသလို၊ စစ်ကောင်စီနဲ့ မပူးပေါင်းရေး CDM လှုပ်ရှားမှာပါဝင်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို ပြန်ဖွင့်ဖို့ကြိုးစားနေပါတယ်။
အုပ်ချုပ်ရေးယန္တယား တည်မြဲဖို့အတွက် ပထမခြေလှမ်းအနေနဲ့ ဧည့်စာရင်းတိုင်ဖို့ ဧပြီလ ပထမပတ် ကတည်းကစပြီး၊ ရပ်ကွက်တိုင်းမှာ လိုက်လံနှိုးဆော်နေပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာဆိုရင် မတ်လ နောက်ဆုံးပတ်လောက်ကတည်းက ဧည့်စာရင်းတိုင်ကြအောင်စပြီး ဆောင်ရွက်နေတာပါ။
ဒါကြောင့် စစ်အာဏာရှင်ဆန့်ကျင်လို့ အသေအပျောက်များထားတဲ့ လှိုင်သာယာမြို့နယ်မှာ၊ အခုဆိုရင် အိမ်တိုင်းနီးပါး ဧည့်စာရင်းတိုင်နေကြရပါတယ်။
စစ်တပ်နဲ့ သူတို့ရဲ့ သြဇာခံအုပ်ချုပ်ရေးအဖွဲ့တွေက အိမ်တွေလိုက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ လှိုင်သာယာမှာနေထိုင်တဲ့ အမည်လွှဲပေးထားတဲ့ မရင်ရင်က ပြောပါတယ်။
အဲဒီအပြင် ဆေးရုံဆေးခန်းရောက်နေတဲ့ လူမမာရော၊ လူနာစောင့်တွေပါ ဧည့်စာရင်းတိုင်နေရပြီလို့ ပြောကြပါတယ်။ ဗဟန်းမြို့နယ်က အထူးကုဆေးရုံတစ်ရုံမှာဆိုရင် လူနာစောင့်ကို တစ်ဦးတည်းထားဖို့နဲ့ မှတ်ပုံတင် သန်းခေါင်စာရင်း ယူလာဖို့ ပြောထားတယ်လို့ လူနာစောင့်တစ်ဦးဖြစ်တဲ့ အမည်လွှဲ မခိုင်က ပြောပြပါတယ်။
ဒီလိုဆောင်ရွက်လာတဲ့အတွက် နေ့စဉ်ဘဝတွေမှာလည်း အခက်အခဲဖြစ်လာနေကြပါတယ်။ အဲဒီအပြင် စစ်အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ သူတွေကို ပုဒ်မ ၅၀၅ (က) (ခ)တွေနဲ့ ဝရမ်းထုတ်ပြီး ညဘက်တွေမှာ လိုက်ဖမ်းတာတွေရှိနေပါတယ်။ ဒါကြောင့် ဖမ်းဆီးခံရမှာစိုးရိမ်လို့ တိမ်းရှောင်နေတဲ့ သူတွေမှာလည်း အခက်အခဲတွေဖြစ်လာပါတယ်။
ဧည့်စာရင်းသာတိုင်ကြရင် အချိန်မရွေးအဖမ်းခံရနိုင်တယ်လို့ CDM လှုပ်ရှားမှုမှာပါဝင်လို့ တိမ်းရှောင်နေရတဲ့ အမည်လွှဲပေးထားတဲ့ မနိုင်က ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်သူလူထုကိုဖိနှိပ်နိုင်တဲ့ဧည့်စာရင်းဥပဒေကို ပြန်ပြီးအသက်သွင်းလိုက်တဲ့အပြင် လူတစ်ယောက်ကို ဖမ်းဆီးမယ်ဆိုရင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အသိသက်သေတွေနဲ့ ဖမ်းဝရမ်းပါမှ ဖမ်းဆီးရမယ်ဆိုတဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုင်ရာ အကာကွယ်ပေးရေး ဥပဒေပြဌာန်းချက်ကိုပါ ရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။
ဒါကြောင့် လူတစ်ယောက်ကို အချိန်မရွေး၊ နေရာမရွေး၊ အကြောင်းပြချက်မလိုဘဲ၊ ထင်သလိုဖမ်းခွင့် ရသွားသလို၊ ဝင်ရောက်ရှာဖွေခွင့်၊ စစ်ဆေးမေးမြန်းခွင့်နဲ့ ဆက်သွယ်ရေး ကိရိယာတွေကိုပါ ကြားဖြတ် နားထောင်ခွင့်ပါ ရရှိသွားပါတယ်။
ဒါဟာ လူ့အခွင့်ရေးပါ ကြေညာစာတမ်းကိုပါ ချိုးဖောက်တာလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းလိုက်တဲ့ ဧည့်စာရင်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြန်လည်ပြဌာန်းလိုက်တာဖြစ်ပါတယ်။
ဥပဒေအရ အိမ်ထောင်စုစာရင်းမှာ မပါဝင်သူတိုင်း ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ပျက်ကွက်ရင် ဒဏ်ငွေ တစ်သောင်းပေးဆောင်ရမှာဖြစ်ပါတယ်။ ဒဏ်ငွေ မပေးဆောင်ရင် ထောင်ဒဏ် ၇ ရက်လို့ ပြင်ဆင်ထား ပါတယ်။ အဲဒီအပြင် တာဝန်ကျေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဆုကြေးငွေ တလုံးတခဲ ချီးမြှင့် မယ်လို့လည်း ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
အခုဆိုရင် ဝရမ်းထုတ်ထားတဲ့သူတွေကို ဖမ်းမမိတဲ့အခါ၊ အိမ်မှာကျန်ရစ်တဲ့ ဇနီးသည်၊ ဒါမှမဟုတ် သားသမီး၊ ဒါမှမဟုတ် မိသားစုဝင်တွေကိုပါ ဓားစာခံလုပ်ပြီး ဖမ်းနေတာတွေရှိလာပါတယ်။
ဒီနေ့မှာဆိုရင် ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ ဝရမ်းထုတ်ထားလို့ တိမ်းရှောင်နေရတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း ကိုဘိုဘိုဟန်ရဲ့အိမ်ကို စစ်သားနဲ့ရဲ အယောက် ၄၀ လောက်က ဧည့်စာရင်း စစ်မယ်ဆိုပြီး ဝင်ရှာတဲ့ အခါ သူ့ကိုမမိတဲ့အတွက် ဇနီးသည် မအိအိငြိမ်းကို ဖမ်းသွားပါတယ်။ အဲဒီအပြင် ကိုဘိုဘိုဟန်ရဲ့ ကွန်ပျူတာ သုံးလုံး၊ ဝိုင်ဖိုင်စက်နဲ့ CCTV တွေပါဖြုတ်သိမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဘိုဘိုဟန်ဟာ အဖမ်းခံထားရတဲ့ ရှမ်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးညွန့်လွင်နဲ့ ခင်မင်ရင်းနှီး သူလည်းဖြစ်ပါတယ်။
အခုဆိုရင် ဖမ်းဆီးခံထားရတဲ့သူ တစ်နိုင်ငံလုံးမှာ သုံးထောင်ကျာ်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။