ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်မည်


2017.11.01
magwe-administrative-elections-622.jpg မကွေးတိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးပွဲတစ်ခုကို ၂၀၁၆ ခုနှစ်ကတွေ့ရစဉ်
Photo: RFA

တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို နိုဝင်ဘာလက စတင်ပြီး ၅ လအတွင်း အပြီးသတ် ပြန်လည်ရွေးချယ်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက တိုင်းနဲ့ ပြည်နယ်အစိုးရတွေထံ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အကြောင်းကြားထား တာဖြစ်တယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

"နိုင်ငံတော်သမ္မတရုံးကနေ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကနေပြီးမှ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကို အကြောင်းကြားထားတာရှိပါတယ်၊ ကြိုတင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိတယ်၊ ဒီရွေးချယ်မှုမှာ အနည်းဆုံး ၅ လလောက် အချိန်ယူနိုင်ဖို့အတွက် ညွှန်ကြားချက်မှာပါတယ်လို့ ကျနော်တို့ သိထားပါတယ်ဗျ"

မကွေးတိုင်းအတွင်းမှာ ရပ်ကွက်/ကျေးရွာပေါင်း ၄၇၀၀ ကျော်ရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ဖို့ လုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးက သက်ဆိုင်ရာမြို့နယ်တွေကို ဒီကနေ့ ညွှန်ကြားချက်ပေးပို့ပြီးဖြစ်တယ်လို့ ဦးနေမျိုးကျော် က ပြောပါတယ်။

တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်တာဟာ ဒီအစိုးရသက်တမ်းအတွင်း ပထမဆုံးအကြိမ် ပြုလုပ်တာ  ဖြစ်ပါတယ်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတ သက်တမ်းအတိုင်း ထားရှိဖို့ ဥပဒေကို ပြင်ဆင်လိုက်တာကြောင့် အစိုးရအသစ်တက်ချိန်မှာ ပြန်လည်ရွေးချယ်ကြတာဖြစ်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီတုန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းဟာ လွှတ်တော်သက်တမ်းနဲ့အညီ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး လက်ရှိအစိုးရတာဝန်မယူခင်အချိန်မှာ တစ်နိုင်ငံလုံးက ရပ်ကွက်/ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်အပ်ဖို့ကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတို့က ဦးဆောင်ပြီး ရွေးချယ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။