ထိုင်း ဂူထဲ ပိတ်မိနေတဲ့ မြန်မာကျောင်းသား နာမည်ကျော်ကြား

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က ဂူတွင်းပိတ်မိနေတဲ့ လူငယ်ဘောလုံးအသင်းသားများအနက် တစ်ဦးတည်းသော အင်္ဂလိပ်လို ပြောဆိုနိုင်သူ ဝ တိုင်းရင်းသားလေးနဲ့ ပတ်သက်ပြီး ထိုင်းတွေက ဂုဏ်ယူ ပြောနေဆိုနေကြပါတယ်။ ဂူထဲက မထွက်နိုင်သေးတဲ့ ကလေး ၁၂ ဦး နဲ့ နည်းပြဆရာအကြောင်း သတင်းကြည့်နေကြသူတွေရဲ့ အသဲနှလုံးကို သူက ဖမ်းစားနိုင်သူဖြစ်တယ်လို့ AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

သ့ူနာမည်က Adul Sam-on အဒူလ် ဆန်းမွန် ဖြစ်ပြီး အသက် ၁၄ နှစ် ဖြစ်ပါတယ်။ သူဟာ ဗြိတိန် ရေငုပ်သမား နှစ်ဦး သူတို့ အဖွဲ့ကို ပထမဆုံးရှာတွေ့တဲ့နေ့က ရေငုပ်သမားတွေက အင်္ဂလိပ်လို မေးတာကို မေးခွန်းတိုင်းကို ဒိုင်ခံဖြေခဲ့သူ ဖြစ်ပါတယ်။

ကျနော် Adul ပါ ကျန်းကျန်းမာမာ ရှိပါတယ်ခင်ဗျလို့ ယဉ်ယဉ်ကျေးကျေးလေးပြောလိုက်တဲ့ သူ့စကားသံ ထိုင်းနိင်ငံ ရုပ်မြင်သံကြားသတင်းတွေမှာ ပါလာသလို ကမ္ဘာကလည်း သိရှိသွားတာဖြစ်ပါတယ်။ ဒီလို ယဉ်ယဉ်ကျေးကျေး ပြောဆိုတာတာတော့ Adul ရဲ့ အမှတ်သင်္ကေတပဲ ဖြစ်ပါတယ်လို့ သူ့တက်နေတဲ့ ကျောင်းက ဆရာတစ်ဦး သတင်းထောက်တွေကို ပြောပြပါတယ်။ သူဟာ မြန်မာ၊ ထိုင်းအင်္ဂလိပ်နဲ့ တရုတ်စတဲ့ ဘာသာစကားသုံးခုလောက် ပြောတတ်သူလည်း ဖြစ်ပါတယ်။ ။

ဗြိတိရှ ရေငုပ်သမားနှစ်ယောက်ကို သူတို့ ဆာနေတဲ့ အကြောင်းတွေကို ချိနဲနဲအသံလေးနဲ့ပြောခဲ့တာကြောင့် ကြားလိုက်ရသူတွေ ဘဝင်ခိုက်သွားတာဖြစ်ပါတယ်။

အဲ့ဒီ ဗမာနိုင်ငံသားလေးဟာ မြန်မာနိုင်ငံ ဝဒေသမှာ မွေးဖွားသူဖြစ်ပြီး သူ့မိဘတွေက ခရစ်ယာန် ဘုရားရှိခိုးကျောင်း မှာ စာသင်ဖို့ လာရောက်အပ်နှံထားတာဖြစ်ပါတယ်။ သူ့မိဘတွေဟာ မြန်မာပြည်ဘက်က ပြေးလာတဲ့ ဒုက္ခသည်တွေ ဖြစ်ပြီး နိုင်ငံမဲ့သူတွေအဖြစ် မှတ်ပုံတင်ထားတာကြောင့် သူဟာလည်း နိုင်ငံမဲ့လေး ဖြစ်နေတာပါ။

တကယ်တော့ ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ နိင်ငံမဲ့တွေရဲ့ ဘဝဟာ မရေမရာဖြစ်ပါတယ်လို့ ထိုင်းအခြေစိုက် UNHCR အဖွဲ့က ပြောခွင့်ရအမျိုးသမီး Hannah Macdonald က AFP သတင်းဌာနကို ပြောပါတယ်။ မွေးစာရင်းမရှိ မှတ်ပုံတင် မရှိ နိုင်ငံကူးလက်မှတ် ဆိုတာမရှိ နဲ့ သူတို့မှာ အလုပ်လည်းရှာမရ ခရီးလည်းသွားလို့လည်း မရ ကုန်ကုန်ပြောရရင် တရားဝင် လက်ထပ်ထိမ်းမြားလို့လည်းမရတဲ့ ဘဝတွေပါလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကတော့ ၂၀၂၄ အရောက်မှာ နိုင်ငံမဲ့တွေ အားလုံးကို မှတ်ပုံတင်ပေးမယ်လို့ ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန် မရောက်ခင်အထိကတော့ သူတို့ ဘဝဟာ သောင်မတင် ရေမကျ ရှိနေကြဦးမှာပါ။

ကမ္ဘာကျော်နေတဲ့ ဒီနိုင်ငံမဲ့ ကလေးဟာ ဘောလုံးကန်တော်သူလေးဖြစ်သလို ဂစ်တာနဲ့ စန္ဒယားလည်း တီးတတ်ပါ တယ်။ သူဟာ စာတော်သလို အားကစားလည်း တော်ပါတယ်။ သူဟာ တကယ်ကို ရတနာလေးပါဗျာလို့ သူဆရာ ပူနာဝတ်က ပြောပြနေပါတယ်။