ဓာတ်ပုံသက်သေရှာ ကိရိယာသစ် AI အသုံးပြု
2018.08.11

အမေရိကန် တက္ကသိုလ်တစ်ခုက ကျောင်းသားတွေတည်ထွင်ခဲ့တဲ့ ကွန်ပြူတာနည်းပညာသုံး ခွဲခြမ်းစိတ်ဖြာ ကိရိယာတစ်ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ချေမှုန်းခဲ့မှုန့ဲ ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အသုံးပြုနေပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ပြင်သစ်နိုင်ငံ Nice နီးစ်မြို့ပင်လယ်ကမ်းစပ်မှာ အကြမ်းဖက်သမားတစ်ဦးက လူတွေကို ကုန်တင်ကားတစ်စီးနဲ့ လိုက်လံတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရာသူတွေထဲမှာ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ပါဝင်ခဲ့ပါတယ်။ ဒီကျောင်းသားတွေထဲက တချို့ဟာ အဲဒီတိုက်ခိုက်မှုဖြစ်ပွားလို့ ကစင့်ကလျှားပြေးလွှားကြစဉ်က ဒေသတဝိုက်ရှိခဲ့တဲ့ လူတွေထံကရရှိတဲ့ ဓာတ်ပုံတွေ တခြားအချက်အလက်တွေကို ကွန်ပြူတာမှာ စုဆောင်းထည့်သွင်းပြီး အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံကာ သက်ဆိုင်ရာတွေကို ကူညီခဲ့ပါတယ်။ ဒီနည်းပညာကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ဆဲဖြစ်ပေမယ့် လတ်တလောမှာ လန်ဒန်အခြေစိုက် AI အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ချေမှုန်းမှုနဲ့ပတ်သက်ပြီး ရရှိတဲ့ဓာတ်ပုံတွေကနေ သက်သေအထောက်အထား ဖော်ထုတ်ရာမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
အဲဒီနည်းပညာမှာ အသုံးပြုတဲ့ Archer Meta အာချာ မီတာ ဆိုတဲ့ ကိရိယာဟာ ဓာတ်ပုံ ၅ဝ ခန့်ကို တပြိုင်နက်မှာ ခွဲခြမ်းစိတ်ဖြာပြီး ဒီဓါတ်ပုံတွေကို ဘယ်အချိန်က ဘယ်နေရာမှာ ရိုက်ကူးခဲ့တယ်ဆိုတာ ပြောပြနိုင်တယ်လို့ သိရပါတယ်။ AI အဖွဲ့ရဲ့ သုတေသနပညာရှင်တစ်ဦးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ ထံက မိမိတို့ ဓာတ်ပုံတွေ တပုံတပင်ရရှိထားပြီး အတုအစစ် သိရှိအောင် အရင်က တစ်ပုံချင်း လေ့လာဆုံးဖြတ်ရတဲ့ အတွက် အချိန်များစွာကုန်ခဲ့ရကြောင်းနဲ့ အခုတော့ များစွာမြန်ဆန်လွယ်ကူသွားကြောင်း ပြောပါတယ်။
အဲဒီနည်းပညာနဲ့ ကိရိယာတွေကို ကမ္ဘာ့ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ငွေမဲခဝါချမှုစတာတွေနဲ့ ပါဝင်ပတ်သက်သူတွေ ကုမ္ပဏီအဖွဲ့အစည်းတွေကို ခြေရာခံထောက်လှမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ပါတယ်လို့ ကယ်လီဖိုးနီး ယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။