မဖြေရှင်းနိုင်သေးတဲ့ လူ့အခွင့်ရေးကိစ္စတွေ ဖိအားပေးဖို့ အာဆီယံကို တိုက်တွန်း

ရှေ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ အတွင်း မြန်မာနိုင်ငံမှာ မဖြေရှင်းနိုင်သေးတဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အရေး ကိစ္စတွေကို ဆွေးနွေးဖို့ AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

2011.11.14
aipmc-webpage-305 AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက် နေသည့် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့၏ အင်တာနက် စာမျက်နှာပုံ ဖြစ်ပါသည်။
Photo: RFA

ဒီတိုက်တွန်းချက်နဲ့ ပတ်သက်လို့ AIPMC အဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌ Eva Sundari နဲ့တကွ အဖွဲ့ဝင် လွှတ်တော် အမတ်တွေဟာ ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ အင်ဒိုနီးရှား လွှတ်တော် အဆောက်အဦး အတွင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုဆိုမှုတွေ ရှိခဲ့ပေမယ့် AIPMC အဖွဲ့ အနေနဲ့ကတော့ လူ့အခွင့်အရေး တိုးတက်မှုနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု နှေးကွေးနေတဲ့ အပေါ် စိုးရိမ်နေဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ဒီကိစ္စတွေကို အာဆီယံ ခေါင်းဆောင်တွေ ထုတ်ဖော် ဆွေးနွေးဖို့ လိုအပ်သလို မြန်မာနိုင်ငံက တိုင်းရင်းသား ပဋိပက္ခတွေ အဆုံးသတ်စေရေး အတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင်ဖို့ လိုအပ်ကြောင်း AIPMC အဖွဲ့က တိုက်တွန်းထား ပါတယ်။

ဒါ့ပြင့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အာဆီယံ ဥက္ကဋ္ဌ နေရာ အပ်နှင်းရေးဟာ မြင်သာတဲ့ ဒီမိုကရေစီ ပြောင်းလဲ ဖော်ဆောင်မှုပေါ်မှာ အဓိက မူတည်နေတယ်လို့ ယုံကြည်ကြောင်း AIPMC အဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။