ရန်ကုန်မြို့ လေထုညစ်ညမ်းမှု ဆိုးရွားနေ
2025.01.28

ကမ္ဘာ့လေထု အရည်အသွေး တိုင်းတာရေး အဖွဲ့အစည်း IQAir ရဲ့ အင်တာနက်ဝဘ်ဆိုက်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေး အညွှန်းကိန်းဟာ ၁၀၀ နဲ့ ၁၅၀ ကြားမှာရှိနေပြီး ဒီအခြေအနေဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အဆင့်မှာရှိနေတယ်လို့ မိုးလေဝသ လေ့လာသူတွေနဲ့ ဆရာဝန်တွေက ပြောပါတယ်။
လေထုညစ်ညမ်းမှုဟာ သဘာဝကြောင့်ဖြစ်တဲ့ တောမီးလောင်မှု၊ အပူရှိန်ကြောင့် အမှိုက်ပုံကြီးတွေ မီးလောင်မှု အခြေအနေကြောင့် ဖြစ်လာတာရှိသလို လူတွေကြောင့်ဖြစ်တဲ့ အမှိုက်မီးရှို့တာ၊ မီးစက်အများအပြား သုံးစွဲတာ၊ မော်တော်ယာဉ်ကနေထွက်တဲ့ မီးခိုးငွေ့ကြောင့်လည်း ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေဟာ မိုးဦးကာလအထိ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။
“နေ့အပူချိန်တွေက တဖြည်းဖြည်းမြင့်လာမယ်။ တောင်ယာမီးရှို့မှုတွေလည်း ဆက်ရှိနေမယ်။ ဒီလိုအခြေနေကြောင့် မိုးဦးကာလအထိ လေထုညစ်ညမ်းမှုဟာ ဆက်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။ မိုးရွာလိုက်ရင် လေထဲမှာရှိတဲ့ အမှုန်အမွား၊ အညစ်အကြေးတွေက ရေနဲ့အတူပါပြီး ပျောက်ကွယ်သွားတတ်တယ်”
လေထုညစ်ညမ်းမှုကြောင့် အရင်ကတည်းက နာတာရှည်ရောဂါရှိသူတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအနေနဲ့လည်း အခုအချိန်မှာ ပိုပြီးသတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ အမည်မဖော်လိုတဲ့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။
“မွေးကင်းစ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေ၊ လူလတ်ပိုင်းတွေမှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားကျဆင်းပြီး (Virus Infection) လို ကူးစက်ရောဂါတွေလည်း ရှိလာနိုင်ပါတယ်။ ရုတ်တရက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် သွားလာမှုတွေ ဂရုစိုက်သင့်ပါတယ်”
နေအိမ်အပြင်ထွက် သွားလာတဲ့အခါ နှာခေါင်းစည်းတပ်ကြဖို့နဲ့ မဖြစ်မနေ ကိစ္စကလွဲလို့ အပြင်မထွက်ကြဖို့ကိုလည်း ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းပြောကြားပါတယ်။
လေထုညစ်ညမ်းမှု လျှော့ချဖို့ အမှိုက်မီးရှို့တာ ရပ်တန့်ဖို့၊ အိမ်စီးကား အသုံးပြုမှု ယာယီလျှော့ဖို့၊ အများပြည်သူအသုံးပြုတဲ့ ကား၊ ရထားတွေ ပိုပြီးအသုံးပြုဖို့လိုအပ်ပြီး ကျေးလက်ဒေသတွေမှာလည်း တောင်ယာမီးရှို့ ရှင်းလင်းတာနဲ့ တောမီးလောင်မှုတွေ ဂရုစိုက် ထိန်းသိမ်းသင့်တယ်လို့ သဘာ၀ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။