မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် လေးဆယ်ကျော် ပျက်စီး

RFA Burmese
2024.12.13
မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် လေးဆယ်ကျော် ပျက်စီး မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Ĥkl Mindat Photo

ချင်းပြည်နယ် မင်းတပ်မြို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် လေးဆယ်ကျော် ပျက်စီးပြီး ဒေသခံလေးဦး ဒဏ်ရာရသွားတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်တွေနဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ အကြိမ်ကြိလာရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့ပေါ်ကို ဗုံးအလုံးရေ တစ်ရာနီးပါး ကြဲချခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မင်းတပ်မြို့ထဲကို ကြဲတာပေါ့။ ရွာတွေဘက်ကို မလာကြဲဘူး။ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ တစ်ခါမှမရပ်မနားဘူး။ ဆက်တိုက်ကြဲကြတာ။ စစ်ကောင်စီ မီးမရှို့လို့ကျန်နေခဲ့တဲ့ အိမ်တွေက အခုဗုံးထိပြီး လောင်ကြတာများတယ်။ ဒဏ်ရာရတာကတော့ လေးဦးပဲ သိရသေးတယ်"

လတ်တလော ဆက်သွယ်ရေး အခက်အခဲကြောင့် ဒဏ်ရာရသူ လေးဦးရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ရေး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းနဲ့ လက်နက်ကြီး အလွန်အကျွံသုံးပြီး ခုခံနေတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ချင်းပြည်နယ် မင်းတပ်၊ ဖလမ်း၊ ထန်တလန်မြို့တွေမှာ နိုဝင်ဘာ ပထမအပတ်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။