တန့်ဆည်မြို့တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံး

RFA Burmese
2023.11.30
တန့်ဆည်မြို့တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံး တန့်ဆည်မြို့နယ် ရွာရှည် (မ) ကျေးရွာ အခြေခံပညာကျောင်းအား စစ်ကောင်စီတပ်မှ ဗုံးကြဲခဲ့သည့် အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က မြို့ပေါ်အထိ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို လက်နက်ကြီးကြောင့်လည်း အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၃၀ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်၊ Mi-35 တိုက်ခိုက်ရေးယာဥ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့ တန့်ဆည်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"မနေ့က မနက် ၆ နာရီလောက် ရဲစခန်းကို ဝိုင်းချိန်ကျတော့ လေကြောင်းကနေ ပစ်ကူတော့တာပဲ။ ဗုံးချတာက နေ့ခိုင်းပိုင်းကိုက ၅ လုံး။ ၂ လုံးတစ်တွဲချပြီး အပေါ်ကနေ ပစ်ပစ်သွားတယ်။ အသံအနေအထား နားထောင်ရတာ ဗုံးအမျိုးအစားက ပေါင် ၅၀၀ တွေ ဖြစ်မယ်ထင်တယ်ဗျ။ မြို့ပေါ်အိမ်က ၄ လုံးလောက် ပျက်စီးသွားတယ်။ ကျွန်တော်တို့ဘက်က တပ်ပြန်ဆုတ်တဲ့အချိန်မှာလည်း လေယာဥ်နဲ့ ပစ်တာပဲ။ ဒီကနေ့ မနက်ပစ်တာရောဆို ၈ ကြိမ်လောက်ရှိတယ်"

မနေ့က တိုက်ပွဲအတွင်း ရေဦးမြို့ဘက်ကနေ ရဟတ်ယာဥ်နဲ့ စစ်ကောင်စီတပ်သား ၇၀ ခန့် တန့်ဆည်မြို့ကို စစ်ကူရောက်ရှိလာသလို့ ကန့်ဘလူမြို့နယ်ထဲကနေလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ရဲစခန်းကို မသိမ်းနိုင်လိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ကန့်ဘလူမြို့နယ်ဘက်ကပစ်တဲ့ လက်နက်ကြီးကြောင့် တန့်ဆည်မြို့အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့လည်း နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကန့်ဘလူနယ် အနောက်ခြမ်း ယင်းသာရွာ ခါးတောက်ရင်း ရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတာ။ အမျိုးသားတစ်ဦးကို ထိမှန်ပြီး သေသွားတယ်လို့တော့ သိထားရတယ်။ နာမည်အသက် အတိအကျတော့ မသိသေးဘူး"

နိုဝင်ဘာ ၃၀ ရက်နေ့ ဒီနေ့မနက် ၂ နာရီဝန်းကျင်ကလည်း တန့်ဆည်မြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ ရွာရှည် (မြောက်) ရွာကို လေကြောင်းကနေ ဗုံးကြဲသွားလို့ စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့ တိုက်ပွဲအတွင်းမှာတော့ ရွှေဘိုခရိုင် တပ်ရင်း (၉ ) က ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နောက်ထပ်ငါးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တန့်ဆည်ရဲစခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကူ၊ ပစ်ကူတွေ အချိန်မီပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ့တစ်ဆင့် ပြောထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ တန့်ဆည်မြို့မ ရဲစခန်းကိုဝင်ပြီး ပြန်လည်နေရာယူထားတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့ပေါ်တိုက်ပွဲကြောင့် မြို့ပေါ်နဲ့ အနီးအနားရွာက ဒေသခံ ၂ သောင်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရသလို မြို့နဲ့ဝေးရာမှာပဲ ဆက်ပြီးနေဖို့ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။