ကနီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ
2024.12.17

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားရွာနဲ့ နတ်ကြီးရွာတို့ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားငါးဦး သေဆုံးပြီး နောက်ထပ်ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်မှာ ကျောက်လှေကားရွာကို လေကြောင်းကနေ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နတ်ကြီးရွာကိုလည်း လေကြောင်းကနေ ငါးကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကျောက်လှေကားရွာက အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်လှေကားကို Y-8 နဲ့ လာကြဲတာ။ ဘာတိုက်ပွဲမှ ရှိတာလည်း ဖော်ဆောင်ခြင်းလည်း မရှိဘူး။ ရွာထဲကို လာကြဲတာ။ ငါးယောက် သေဆုံးတယ်၊ ဆယ်ယောက် ဒဏ်ရာရတယ်။ အိမ်နှစ်လုံး မီးလောင်ပျက်စီးတယ်။ အဲဒီကနေ ပြန်လာပြီးတော့မှ နတ်ကြီးရွာကို ထပ်ကြဲတာ။ အဲဒီမှာတော့ သေဆုံးတာ မရှိဘူးလို့ သိထားရတယ်။ နွားတစ်ကောင်သေတယ်လို့ သိထားရတယ်။ ဘာကြောင့်လာလုပ်လဲဆိုတာ မပြောနိုင်ဘူး။ ပေါင် ဘယ်လောက်ဗုံးတွေလဲတော့ မသိသေးဘူး။ တစ်ခါကြဲရင် ဗုံးအလုံးရေက များတယ်။ မကွဲသေးတဲ့ ဗုံးကျန်သေးတယ်”
ကနီမြို့နယ်အတွင်းမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် သေဆုံးသူတွေရဲ့ အသေးစိတ်အခြေအနေ အခြေအနေကို လတ်တလော မသိရသေးဘူးလို့ သူက ပြောပါတယ်။
ကျောက်လှေကားရွာဟာ ကနီမြို့နယ် အနောက်ဘက် မင်းကင်းမြို့နယ်အစပ်မှာရှိပြီး နတ်ကြီးရွာကတော့ ကနီမြို့ရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ အဲဒီနှစ်ရွာစလုံးဟာ အိမ်ခြေ ရှစ်ရာကျော်စီ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွာနှစ်ရွာအပြင် အနီးအနား ရွာတချို့က လူရှစ်ထောင်ကျော် လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အစပ်က မကျီးကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ အခမ်းအနားတစ်ခုကို ရောက်နေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ကနီမြို့နယ်၊ ယာကြီးအုပ်စု ရေဖြူရွာမနဲ့ ချောင်းမအရှေ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လေးလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄၀ နီးပါး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။