ခင်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ သုံးဦးအထိ ရှိလာ
2024.09.27
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စက်တင်ဘာ ၂၅ ရက်နေ့နဲ့ ၂၆ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ၁၃ ဦးအထိ ရှိလာတယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ သုံးဦးရှိပြီး စက်တင်ဘာ ၂၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးအထိ ရှိလာတာပါ။
နှစ်ဖက်တိုက်ပွဲဖြစ်နေတာမရှိဘဲ ရှားလွင်ကျေးရွာကို လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲလည်း မဖြစ်၊ ကာကွယ်ရေးတပ် (PDF) တွေလည်း ရွာထဲမှာ မနေပါဘူး။ ဘာလို့အငြိုးတကြီး လေကြောင်းကနေ လာပစ်နေ မသိဘူး။ ၂၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ နှစ်ဦးကတော့ ကနဦးသေတယ်။ ၂၆ ရက် ညနေပိုင်းမှာ အမျိုးသမီးတစ်ယောက် ထပ်သေတယ်။ ၂၆ ရက်နေ့ ပစ်ခတ်မှုမှာတော့ သေဆုံးသူ မသိရသေးဘူး"
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၀ ကနေ ၄၀ အရွယ်ခန့်ရှိတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပြီး ဆေးကုသမှုပေးနေတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက်မှာ မဒေါင်းလှရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံ ဖြေကြားတာမရှိပါဘူး။