ငါန်းဇွန်မှာ ငါးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦးရှိလာ
2024.09.26
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်ကနေ ၂၄ ရက်အထိ ငါးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတာပါ။
စက်တင်ဘာလ ၂၄ ရက်က မြေတိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား နှစ်ဦး ထပ်မံ သေဆုံးသွားပါတယ်။
သေဆုံးသူတွေဟာ အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး အဲဒီရွာမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်တာမရှိပါဘူး။ ညနေ ၆ နာရီမှာ စစ်ကောင်စီကနေပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေတယ်။ ဒဏ်ရာရသူက လေးဦးရှိတယ်။ နွားသုံးကောင် သေတယ်။ ခြေတံရှည် နှစ်ထပ်အိမ် သုံးလုံး ပျက်စီးသွားတယ်"
စက်တင်ဘာလ ၂၀ ရက်နေ့က ငါန်းမြာကြီးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ကိုးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး အဲဒီနေ့မှာ သေဆုံးခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရုပ်အလောင်း သုံးခု ထပ်မံတွေ့ခဲ့တာကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စိုးရိမ်တာကြောင့် ငါန်းမြာကြီးရွာ အပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ မိုးတောင်နဲ့ ကုန်းလည်ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်လို့ လူတစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါန်းဇွန်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးထိခိုက်မှုအပေါ် စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကတော့ စစ်ဘက်ရေးရာကိစ္စတွေနဲ့ လုံခြုံရေးကိစ္စတွေကို မသိရသေးကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့မှာ RFA ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
ငါန်းဇွန်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာလည်း ဩဂုတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။