ခင်ဦးမြို့နယ်မှာ တစ်နှစ်ကျော်အတွင်း လူ ၁၄၀ ကျော် သေဆုံး

စစ်တပ် အာဏာသိမ်းချိန်ကနေ အခုမေလ ပထမပတ်အထိ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၂၈ ရွာက နေအိမ် ၁၂၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄၄ ဦး သေဆုံးခဲ့ တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၁ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး၊ မီးရှို့ မှုတွေကြောင့် မြို့နယ်အနှံ့မှာ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို အကြိမ်ပေါင်း ၁၀၀ ထက်မနည်း စစ်ကြောင်း ထိုးခဲ့ပြီး မီးရှို့ခံရတဲ့အိမ်ပေါင်း ၁၂၉၁ လုံး၊ ဖျက်ဆီးခံရတဲ့ အိမ်ပေါင်း ၁၅၃ လုံး၊ ချိပ်ပိတ်ခံရတဲ့ အိမ်သုံးလုံးနဲ့ ဖမ်းဆီးခံရသူ ၁၀၀ ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နေအိမ်တွေမီးရှို့တာနဲ့ အရပ်သားတွေ သေဆုံးတာနဲ့ ပတ်သက်လို့ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ခင်ဦးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာပါ။ မြို့နယ်အတွင်းမှာ စစ်ကောင်စီက မိုဘိုင်းလ်အင်တာနက် ဖြတ်တောက်ထားပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။