အာဏာသိမ်းကာလ စစ်ဘေးဒုက္ခသည် ခုနစ်သိန်းခြောက်သောင်း နီးပါးရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၇၅၈,၀၀၀ ဦးအထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင် ၇ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝန်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဦးရေဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ၅၆၆,၁၀၀ ဦး၊ မေလမှာ ၅၇၈,၂၀၀ ဦး၊ ဇွန်လမှာ ၇၅၈,၀၀၀ ဦးအထိ ရှိလာတာကြောင့် သုံးလအတွင်းမှာ လူဦးရေ ၁၉၁,၉၀၀ ဦးအထိ တိုးလာတာပါ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ် စတဲ့ ဒေသတွေက အများဆုံး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဇွန် ၂၇ ရက်နေ့အထိ ကိန်းဂဏန်းတွေအရ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅၈,၀၀၀ ဦးအပါအဝင် မြန်မာနိုင်ငံ တစ်ဝန်း စစ်ဘေးဒုက္ခသည် ဦးရေဟာ စုစုပေါင်း တစ်သန်းကျော် ရှိလာပြီလို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။