NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒကို ALP ကန့်ကွက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒတွေကို ကန့်ကွက်ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒီကနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအတွင်းက ပဋိပက္ခတွေနဲ့ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ NUG ရဲ့ ရည်ရွယ်ချက်ကို ကြိုဆိုပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အရေးကိစ္စတွေကိုတော့ အလျှင်စလို မကိုင်တွယ်သင့်ဘူးလို့ ALP က ဆိုပါတယ်။
“သူတို့ ဘယ်လိုကြေညာချက်ပဲထုတ်ထုတ် ကျွန်တော်တို့ ရခိုင်ပြည်သူခေါင်းဆောင်တွေနဲ့ မဆွေးနွေးမတိုင်ပင်ဘဲနဲ့ လုပ်တယ်ဆိုရင် ဒါသူတို့ရဲ့တာဝန်ဖြစ်တယ်။ နောက်ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒါသူတို့ရဲ့တာဝန်ပဲဖြစ်တယ်။ သူတို့ လုပ်ချင်လို့ ၈၂ ဥပဒေပဲဖျက်သိမ်း ဖျက်သိမ်း၊၂၀၀၈ ဥပဒေပဲဖျက်သိမ်း ဖျက်သိမ်း ဒါတွေဟာ ကျွန်တေ်ာတို့အလုပ် မဟုတ်ဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဘင်္ဂါလီအရေးကို ကိုင်တွယ်မယ်ဆိုရင်တော့ ရခိုင်ခေါင်းဆောင်တွေ၊ ရခိုင်တော်လှန် ရေးအဖွဲ့အစည်း တွေနဲ့ ရခိုင် CSO တွေနဲ့ အဓိက ဆွေးနွေးဖို့လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်” လို့ ALP ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ထိလွယ်ရှလွယ်ကိစ္စတွေကို ကိုင်တွယ်ရာမှာ ရခိုင်တွေရဲ့သဘောဆန္ဒမပါဘဲဘယ်အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ALP က ပြောပါတယ်။
NUG ဟာ အရင်အစိုးရ အဆက်ဆက်က အသိအမှတ်မပြုထားခဲ့တဲ့ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို တရားဝင်အသိအမှတ်ပြု သုံးနှုန်းခဲ့ပြီးတော့ ရိုဟင်ဂျာတွေနဲ့ အခြားလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြဋ္ဌာန်းတဲ့ လုပ်ငန်းစဉ်ကိုပယ်ဖျက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ အခြားဖိနိုပ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ အသစ်ပြဋ္ဌာန်းခြင်း စတဲ့လုပ်ငန်းစဉ်တွေကို အခြေခံဥပဒေတစ်ရပ်ရေးဆွဲပြီး လုပ်ဆောင်တာဟာ အထောက်အကူဖြစ်မယ်လို့ယုံကြည်ပြီး အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်မှာ ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အတွေးအမြင်နဲ့ သဘောထားတွေကို ရယူသွားမယ်လို့ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒသဘောထားကြေညာ ချက်မှာဖော်ပြထားပါတယ်။
ALP ကတော့NUGရဲ့ မူဝါဒတွေဟာ အလွန်ပဲ စဉ်းစားစရာဖြစ်နေပြီး တည်ငြိမ်စပြုနေတဲ့ပြဿနာကို ပိုမိုရှုပ်ထွေး အောင်လုပ်တာပဲလို့ စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်ပြဿနာဟာ အစုအဖွဲ့ တစ်ခုခုအတွက် အသုံးချစရာမဟုတ်ဘူးလို့ ALPက ပြောပါတယ်။
ALP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီ နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။