အဲဒီ အိတ်ဖွင့်ပေးစာမှာ လိုင်စင်ရုပ်သိမ်းခံရတဲ့ရှေ့နေ ၃၂ ဦးရဲ့ အမှုတွေနဲ့ပတ်သက်လို့ တင်ပြထားတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးက ပြောပါတယ်။ လိုင်စင်ရုပ်သိမ်းခံရတဲ့ ရှေ့နေတွေရဲ့ အမှုတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်နေပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ် အားလုံးကိုလည်း အဲဒီရှေ့နေတွေ ခံစားရပြီးသားလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်ဖြစ်တဲ့ ရှေ့နေလိုက်ခွင့် လိုင်စင်ကိုပါ ပိတ်ပင်ထားတာဟာ ပြစ်ဒဏ် နှစ်ဆပေးတဲ့သဘော ဖြစ်နေတဲ့အတွက် ပြန်လည် သုံးသပ်စဉ်းစားပြီး လိုင်စင်ပြန်ပေးဖို့ အိတ်ဖွင့်ပေးစာမှာ တရားသူကြီးချုပ်ကို အာရှ ဥပဒေအရင်းအမြစ်ပင်မဌာနက တိုက်တွန်း ထားပါတယ်။