စစ်ကောင်စီကို ICC မှာ တရားစီရင်မှု စတင်ဖို့ Amnesty International တောင်းဆို

2022.08.02
စစ်ကောင်စီကို ICC မှာ တရားစီရင်မှု စတင်ဖို့ Amnesty International တောင်းဆို ၂ဝ၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသော ထိုင်းရောက် မြန်မာနိုင်ငံသားများ။
File Photo: AFP

စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းထောင်အာဏာပိုင်တွေဟာ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အခြားလူမဆန်တဲ့အပြုအမူတွေ ကျူးလွန်တဲ့အကြောင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး Amnesty International အဖွဲ့က မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအာဏာပိုင်တွေဟာ ပြည်သူ ၁၄၅၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်သူ ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းရာမှာ ဖမ်းဝရမ်းမပါဘဲလာဖမ်းတာ၊ နှိပ်စက်ညှဉ်းပန်းပြီး ဝန်ခံခိုင်းတာနဲ့ အစဖျောက်ပစ်တာ၊ ဆွေမျိုးမိသားစုဝင်တွေကို လက်စားချေတိုက်ခိုက်တာ၊ အကျဉ်းသားဖြစ်သူကို မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးဘဲ အဆက်ဖြတ်ထားတာ စတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တာတွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ လူပေါင်း ၇၀ ကျော်ကို သေဒဏ်တွေချမှတ်ထားတဲ့အပြင် ပြီးခဲ့တဲ့လက ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို တရားမဝင်သေဒဏ် အမှန်တကယ်စီရင်လိုက်တာတွေဟာ မကြုံစဖူး နိမ့်ကျတဲ့လုပ်ရပ်ဖြစ်လာပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်မှုတွေရပ်တန့်အောင် ပြည်သူတွေကို ခြောက်လှန့်ဖို့ ရည်ရွယ်ချက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ Amnesty International ရဲ့ အထွေထွေအတွင်းရေးမှူး Agnes Callamard က ပြောပါတယ်။

ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဦးညွတ်သွားမှာမဟုတ်ကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို ICC တရားရုံးမှာ တရားစီရင်မှုတွေ စတင်ဖို့၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့ ပစ်မှတ်ထားအရေးယူမှုတွေလုပ်ဖို့ တောင်းဆိုကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။