အမ်းက စစ်ကောင်စီတပ်စခန်း ဆယ်ခုကို သိမ်းယူလိုက်ကြောင်း AA ကြေညာ
2024.12.06
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုကလွဲပြီး လေဆိပ်အနီးစခန်းတွေအပါအဝင် တပ်ရင်းတပ်ခွဲ နောက်ထပ် ဆယ်ခုကို သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အမ်းအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဗျူဟာဌာနချုပ်တွေ၊ ကာကင်းတွေ၊ တပ်ရင်းဌာနချုပ်တွေ အပါအဝင် စစ်ကောင်စီဘက်က ပြန်လည်ခုခံနေတဲ့ စခန်း ၃၀ ကျော်ထဲမှာ ကျန်ရှိနေတဲ့ နပခ ဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
AA သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲမှာ အမှတ် ၉၅၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခြေမြန်တပ်ရင်း ၃၇၁ နဲ့ ၃၇၂ တပ်ရင်း၊ လျှပ်စစ်အလုပ်တပ်ခွဲ၊ အမှတ် ၉၂၆ ထောက်ပံ့ပို့ဆောင်ရေးတပ်ခွဲ စတဲ့ တပ်ရင်းတပ်ခွဲ ကိုးခုနဲ့ လေဆိပ်အတွင်းအပြင်မှာရှိတဲ့ စခန်းတွေ ပါဝင်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း နပခ လက်အောက်မှာရှိတဲ့ တပ်ရင်းတွေအပါအဝင် တပ်စခန်းရှစ်ခုကို AA သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ၁၈ ရက်အကြာမှာ နောက်ထပ် စခန်း ဆယ်ခုကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
အမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ ဗျူဟာတစ်ခုကိုလည်း နိုဝင်ဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သုံးရက်နီးပါးတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က သေဆုံးသူ တစ်ရာကျော်နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းတချို့လည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
AA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း AA က ကြေညာထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲကာလ တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။