ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်း မြိုင်ကြီးငူ ဆရာတော်မှ နောက်ထပ်စေတီတစ်ဆူတည်ရာမှာ မနေ့က ညပိုင်းက စေတီကို ညတွင်းချင်း အပြီးတည်ပြီးသွားပြီလို့ သိရပါတယ်။
မေလ ၂ရက်နေ့က ဆရာတော်အပါအဝင် သံဃာနဲ့ လူ ၃၀၀ခန့် ရောက်ရှိလာပြီး ခြံဝန်းအတွင်း အပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့ပြီးနောက် ၃ရက်နေ့ညနေပိုင်းက စေတီကိုစတည်ခဲ့တာဖြစ်တယ်လို့ ကရင်ပြည်နယ် အင်္ဂလီကန် သာသနာပိုင် ဆရာတော် Stylo ကမိန့်ပါတယ်။
"၃ ရက်နေ့ မနက်ကျတော့ ခြံဝင်းကို သန့်ရှင်းရေးထပ်လုပ်တယ်၊ ပြီးတော့ စေတီတည်တာပေါ့၊ စေတီကို မနေ့ညက သုံးနာရီမှာ စတည်တာပေါ့နော်၊ ညလုံးပေါက်တည်ပြီး ပြီးသွားတာပေါ့၊ နောက်ထပ်တစ်ဆူက ဘုရားကျောင်းနဲ့ နည်းနည်းနီးလာတယ်၊ စေတီနှစ်ဆူကြားမှာ သိမ်ထပ်ဆောက်မှာပေါ့နော်"
အလားတူ ပထမဆုံးစေတီကို ဧပြီလ ၂၃ရက်နေ့က တည်ခဲ့တာဖြစ်ပြီး အခုတည်တဲ့ စေတီဟာ ဒုတိယမြောက်ဖြစ် ပါတယ်။ စေတီလာတည်တဲ့ မြေနေရာဟာ အင်္ဂလီကန် ဘုရားကျောင်းမြေနေရာဖြစ်ပြီး ခြံဝင်းခတ်ထားပေမယ့် ၂၃ ရက်နေ့က ပထမစေတီမတည်ခင် ခြံဝင်းကိုဖျက်ပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ဆရာတော် Styloက မိန့်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် Stylo နဲ့ ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
မြိုင်ကြီးငူ ဆရာတော်အနေနဲ့ ဘာသာခြားတွေရဲ့ သာသနိက အဆောက်အဦးတွေအနီးမှာ စေတီပုထိုးတည် တာတွေမလုပ်ခင် သာသနာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနိုင်းပြီးမှ ဆောင်ရွက်သင့်တယ်လို့ ကျိုက်ထိုမြို့ ဆိတ်ဖူးတောင်ကျောင်းမှာ သီတင်းသုံးတဲ့ မွန်ပြည်နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရဲ့ အတွင်းရေးမှူး ဆရာတော်ဖြစ်သလို ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့နာယက ဆရာတော်လည်းဖြစ်တဲ့ ဆရာတော် ဦးဇောတိက က မိန့်ပါတယ်။ ဦးဇောတိက ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။