မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလံနဲ့တံဆိပ်ဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အလံ၊ တံဆိပ်တွေနဲ့ ဆင်တူယိုးမှားဖြစ်နေတယ်ဆိုပြီး ရခိုင်အမျိုးသားပါတီ ANP က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ဒီနေ့ ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။
အခုလို ဆင်တူယိုးမှားဖြစ်နေတာဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရပ်တည်ချက်တွေအပေါ် ထိခိုက် လာနိုင်တဲ့ အတွက် ကန့်ကွက်တာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြော ပါတယ်။
"အဲဒီအလံတွေ၊ တံဆိပ်တွေမှာပါတဲ့ အရုပ်ရဲ့အရောင်ရော၊ ပုံစံရော ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ တံဆိပ်မှာပါတဲ့ အရောင်ရောအနေ အထားရော တူညီနေတဲ့အတွက် ကျနော်တို့ ကန့်ကွက်လွှာတင်သွင်း ရခြင်းဖြစ်ပါတယ်"
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ မေလ ၂၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင် ခွင့်လျှောက်ထားခဲ့တာပါ။
အဲဒီလျှောက်ထားချက်မှာပါတဲ့ ပါတီအမည်၊ တံဆိပ်နဲ့ အလံတွေကို ကန့်ကွက်လိုက ၇ ရက်အတွင်း ကန့် ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ် အစိုးရသတင်းစာတွေက နေ တစ်ဆင့် ကြေညာထားတာဖြစ်ပါတယ်။
ဒီအပေါ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသုံးပြုမယ့် အလံနဲ့တံဆိပ်ကြောင့် ရခိုင်အမျိုးသား ပါတီ ANP တရား ဝင်ဆက်လက်ရပ်ဆောင်ရွက်ရာမှာ ထိခိုက်မှုတွေကြုံတွေ့လာနိုင်တယ်ဆိုပြီး အဲဒီအလံနဲ့တံဆိပ်ကို အသုံးမပြုဖို့ ကန့်ကွက်လွှာပေးပို့လိုက်တာလည်းဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ဟာ ဒေသခံတွေရဲ့ဆန္ဒအရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပေါင်းစည်းထားတဲ့ပါတီတစ်ခုဖြစ်ပြီး နှစ်ဘက်ပါတီ တွေကို ဖျက်သိမ်းခဲ့ကြတာ လည်းဖြစ်ပါတယ်။
ပါတီပေါင်းစည်းရေးဆောင်ရွက်ပြီးနောက်ပိုင်း နှစ်ဘက်ပါတီဝင်တွေအကြား သဘောထားကွဲလွဲမှု ရှိလာ တာကြောင့် ALD ပါတီဝင်ဟောင်းတွေဟာ ANP ပါတီကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အခု ALD ပါတီဝင်ဟောင်းတွေက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည် မှတ်ပုံတင်ဖို့ ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။
