ANP ပါတီအစည်းအဝေး ကျင်းပမည်


2018.01.01
anp-meeting-622 ANP ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပစဉ်
Photo: Min Thein Aung/RFA

ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီအစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်တွေမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ ပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်တင်ထားတဲ့ကိစ္စကို ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ နုတ်ထွက်ခွင့်တင်ထားတဲ့ ကိစ္စတွေကို ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"အစီအစဉ်တစ်ခုအနေနဲ့ ပါလာမှာဖြစ်ပါတယ်၊ ဒါပေမဲ့ အဓိကအကြောင်းအရာကတော့ ဒီကိစ္စကိုပဲ ဦးစားပေးပြီးခေါ်တာ မဟုတ်ဘူး၊ ကျနော်တို့ သွားနေတဲ့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကလည်း စုပေါင်းခေါင်းဆောင်မှုနဲ့ပဲ သွားနေတာပါ၊ ဒါပေမဲ့ ဥက္ကဌဆိုတာကတော့ သာမန်ပါတီဝင်တစ်ဦး မဟုတ်တဲ့အတွက် ဥက္ကဌနဲ့ တခြားနုတ်ထွက်စာတင်ထားတဲ့ကိစ္စတွေမှာ ကျနော်တို့ ကိုင်တွယ်ထားတာလည်း ရှိတယ်၊ တစ်စိတ် တစ်ပိုင်း အစည်းအဝေးမှာ အစီအစဉ်တစ်ခုအနေနဲ့တော့ ပါလာနိုင်တယ်လို့ ကျနော် ပြောနိုင်ပါတယ်ခင်ဗျ"

အဲဒီအစည်းအဝေးမှာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ပြန်လည်လက်ခံမယ့် မွတ်စလင်တွေ အရေးကိစ္စကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပါတီကနေ နုတ်ထွက်ခွင့် တင်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီကတစ်စုံတရာ ဆွေးနွေးဆုံးဖြတ်တာ မရှိသေးတဲ့အတွက် ဇန်နဝါရီ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်ဖို့ ဒေါက်တာအေးမောင်ကိုပါ ဖိတ်ခေါ်သွားမယ်လို့လည်း ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ အစည်းအဝေးမှာ ပါတီအခြေအနေတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။