ဝန်ကြီးနေရာ ကမ်းလှမ်းချက် လက်မခံဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်

0:00 / 0:00

ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ကမ်းလှမ်းလာနိုင်မယ့် အနေအထားတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေက ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ရခိုင်အမျိုးသားပါတီကို တာဝန်ထမ်းဆောင်ခွင့်မပေးဘဲ ဝန်ကြီးနေရာတွေ အတွက် NLD ဘက်က ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံစဉ်းစားသွားမှာ မဟုတ်ကြောင်း ဒီနေ့ ပါတီထိပ် ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့ကတော့ ပြတ်ပြတ်သားသား ပြောထားပါတယ်၊ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဦးဆောင်မှု ဖွဲ့ချင်ပါတယ်၊ အဲ့ဒီတော့ ကျန်တဲ့ဝန်ကြီးနေရာကို ပေးခြင်းအားဖြင့် ကျနော်တို့အပေါ်မှာ ပြည်သူလူထုက အထင်အမြင်လွဲသွားနိုင်ပါတယ်၊ နိုင်ငံရေးပါတီတစ်ခုဟာ ဝန်ကြီးနေရာလေးတွေပေးတာနဲ့ပဲ နိုင်ငံရေး ဂုဏ်သိက္ခာကို ပြစ်ပယ်ပြီးပြီးတော့ ရာထူးနောက်ကို လိုက်တယ်ဆိုတဲ့အမြင်မျိုး ကျနော်တို့ အဖြစ်မခံနိုင်ပါဘူး"

ရခိုင်အမျိုးသားပါတီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ဝ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီကိုသာ ဦးဆောင်ဖွဲ့ခွင့်ပေးဖို့နဲ့ မပေးရင်အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့သလို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကနေရပ်စဲသွားမယ်ဆိုတဲ့ ကြေညာချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ စစ်တွေမြို့မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်အစည်းအဝေးကို ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးဖိုးမင်း၊ ဦးခိုင်ပြည်စိုး၊ ဦးထွန်းအောင်ကျော်၊ ဦးစံကျော်လှ စတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။