ရခိုင်ပြည်နယ် လဝက ဦးစီးမှူးကို အရေးယူပေးဖို့ ANP ပါတီ ဦးဆောင်ဆန္ဒပြ
2017.02.12

ရခိုင်ပြည်နယ် လဝကဦးစီးမှူး ဦးဝင်းလွင် ကို အရေးယူပေးဖို့ စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ ANP က ဦးဆောင်ပြီး လူအင်အား ၂၀၀ လောက်က စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ မိဘနှစ်ပါးစလုံး နိုင်ငံသားစိစစ်ခြင်းမပြုရသေးဘဲ သမီးဖြစ်သူ မမြနန္ဒခင် ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးကို ပြီးခဲတဲ့နှစ် ဖေဖော်ဝါရီလ က ပြည်နယ် လဝကမှူးက နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး လဝက ဦးစီးမှူး ဦးဝင်းလွင် ကို အရေးယူပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးအောင်သန်းဝေ က ပြောပါတယ်။
"ပြည်သူ့အစိုးရလို့ ပြောပြောနေတဲ့ပုဂ္ဂိုလ်တွေ ဥပဒေကို လေးစားလိုက်နာဖို့လိုပါတယ်၊ ဒေသခံဌာနေ တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးအနက်ထားပြီး ဆောင်ရွက်သင့်ပါတယ်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဆိုတာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ အစိတ်အပိုင်းတစ်ခုဖြစ်တယ် ခင်ဗျ၊ ဒီလိုမျိုး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ အစိတ်အပိုင်းကို ချိုးဖောက်တာသည် နိုင်ငံတော်ကို သစ္စာဖောက်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် ဒီလိုမျိုးပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေကို ဥပဒေအရအညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးမှ ကျနော်တို့ တည်ငြိမ်အေးချမ်းရေးတို့၊ တရားဥပဒေ စိုးမိုးရေးတို့ဆိုတာ ပိုပြီးတော့ လူထုကယုံကြည်လာမှာ ဖြစ်ပါတယ်ခင်ဗျ"
ရဲတပ်ဖွဲ့က အမှုကို လက်ခံထားပေမယ့် ဒီနေ့အထိ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ANP ပါတီ တာဝန်ရှိသူတွေ က ပြောပါတယ်။
တည်ဆဲဥပဒေတွေထဲမှာ မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်မှ သားသမီးတွေကို နိုင်ငံသားအဖြစ် ခွင့်ပြုပေးရမယ် လို့ ပြဌာန်းထားတာကြောင့် ရခိုင်ပြည်နယ် လဝက ဦးစီးမှူး ဦးဝင်းလွင်ကို ဥပဒေချိုးဖောက်မှုနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ - ၁၉ ပါ ပြဌာန်းချက်တွေနဲ့အညီ အရေးယူပေးဖို့ စစ်တွေမြို့နယ် ရခိုင် အမျိုးသားပါတီက စစ်တွေမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမှုဖွင့်ထားတာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း တို့အပါ အဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ခုနစ်ရက် ထက်နောက်မကျဘဲ အမှုတွဲအတွက် ဥပဒေအကြံပြု ချက်တွေပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ကတိပြုပြောဆိုထားပေမယ့် ဒီနေ့အထိ အရေးတယူဆောင်ရွက်တာမရှိသေးဘူးလို့လည်း ဦးအောင်သန်းဝေ က ပြောပါတယ်။
ဒီနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ပြည်နယ် လဝကမှူး ဦးဝင်းလွင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုတာမရှိပါဘူ။ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းကို ဆက်လက် မေးမြန်းခဲ့ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။