ပါတီဖြိုခွင်းခံရသလို ဖြစ်နေတယ်လို့ ANP ပြော

သန့်ဇင်ဦး
2020.11.03

ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ် အပါအဝင် ကျန်မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ရခိုင်အမျိုးသား ပါတီကို ဖြိုခွင်းလိုက်သလို ဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပါတီက စာထုတ်ပြန်ပြောလိုက်တာပါ။

ဒီလိုလုပ်တာဟာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ များများရောက်မလာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောပါတယ်။

"ဒီလိုလုပ်လိုက်တာကတော့ အထူးသဖြင့် လက်ရှိအာဏာရအစိုးရပါတီဖြစ်တဲ့ NLD နိုင်ခြေမရှိတဲ့နေရာ အထူး သဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ အင်အားအကောင်းဆုံးဖြစ်တဲ့ ကျွန်မတို့ ရခိုင်အမျိုးသားပါတီ နိုင်ခြေရှိတဲ့ နေရာတွေကို ဖြိုခွင်းဖျက်ဆီးလိုက်တယ်၊ မဲပေးခွင့်ရှိတဲ့လူတွေရဲ့  နိုင်ငံသားအခွင့်အရေးတွေ လူ့အခွင့်အရေး တွေကိုပါ ရိုက်ချိုးလိုက်တယ်လို့ ကျွန်မတို့ခံစားရတယ်၊ ပြည်နယ်ကိုအခြေခံတဲ့ လွှတ်တော်တွေမှာ လူမျိုးကို အခြေခံတဲ့ တိုင်းရင်းသားကိုအခြေခံတဲ့ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ များများရောက်မလာဖို့ ဆောင်ရွက်လိုက်တဲ့အခြေအနေလို့ ကျွန်မတို့ယူဆတယ်။"

စစ်တွေမြို့နယ်ထဲက တပ်မတော်တပ်ရင်းမှူးရဲ့နေအိမ်နားမှာရှိတဲ့ ကျေးရွာတွေကိုလည်း ရွေးကောက်ပွဲ ကျင်းပလို့မရတဲ့ နယ်မြေအဖြစ်သတ်မှတ်ခဲ့သလို အခုရွေးကောက်ပွဲပြန်ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ကျောက်ဖြူနဲ့ အမ်းမြို့နယ်တွေရဲ့ မဲဆန္ဒနယ်မြေတွေဟာလည်း တပ်နယ်မြေတွေဖြစ်လို့ UEC ရဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီးဝေဖန်သုံးသပ်စရာဖြစ်ခဲ့တယ်လို့ ဒေါ်အေးနုစိန်ကဆိုပါတယ်။

ရခိုင်ပြည်သူသို့ပန်ကြားချက်ဆိုပြီး နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ANP က ထုတ်ပြန်တဲ့စာမှာ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံသားအရေးနဲ့ လူ့အခွင့်အရေးကို ရိုက်ချိုးသလိုဖြစ်တယ်လို့လည်း ပြစ်တင်ပြောဆို ထားပါတယ်။

ANP ပါတီဝင် ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ် ဦးဖိုးစံဟာလည်း သားဖြစ်သူ ရက္ခိုင့်တပ်တော်ထဲ ဝင်သွားလို့ဆိုပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အမတ်လောင်းအဖြစ်ကနေ ပယ်ချခံထားရပါတယ်။

ဒီအပေါ် ရွေးကောက်ပွဲကော်မရှင်က အနိုင်ကျင့်တယ်လို့ ခံစားရကြောင်း လွှတ်တော်အမတ် ဦးဖိုးစံက ပြောပါတယ်။

"ကျွန်တော့အပေါ်မှာ လုပ်တာကတော့ ဒါသက်သက် ဥပဒေကိုလက်တစ်လုံးခြားပြီး အနိုင်ကျင့်သွားတယ်လို့ ကျွန်တော်ခံစားရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့သားတစ်ယောက်က AA ကိုရောက်သွားတယ်ဆို တာက ကျွန်တော်က သူ့ကိုသွားခိုင်းတာလည်း မဟုတ်ဘူး၊ သူ့ခံယူချက်နဲ့သူသွားတာ၊ အဲဒါကိုမှ ကျွန်တော့ကို ဒီလိုပယ်ချတယ်ဆိုတာက သူတို့ပြောတာကတော့ ၁၀(ဎ)ငြိတယ်ဆိုပြီး အဲလိုပြောတယ်၊ ၁၀(ဎ) မှာပါတာ ကတော့ နိုင်ငံတော်က တရားဝင်သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း (သို့မဟုတ်) ၎င်းအဖွဲ့အစည်း ဝင်နှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူဆိုပြီး အဲလိုပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့ သားနဲ့က ဖုန်းနဲ့ပြောဆိုတာလည်းမရှိဘူး၊ ငွေပေးငွေယူလည်းမရှိဘူး၊ စာရိုက်တာလည်းမရှိဘူး၊ သူ့ဘာသာသူ သွားလိုက်တာက အခု နှစ်နှစ်နဲ့ရှစ်လတောင်ရှိပြီ၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တော့လုပ်ရတယ် လွှတ်တော်ကိုယ်စားလှယ်လောင်းကို မလုပ်ရဘူးဆိုတာ ဒါသက်သက် ဥပဒေကိုလက်တစ်လုံးခြားပြီး အနိုင်ကျင့်သွားသလို ကျွန်တော့စိတ်ထဲမှာ အဲဒီလိုခံစားရတယ်ခင်ဗျ။"

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးတွေလုပ်ထားပြီးမှ ANP ပါတီအနိုင်ရတဲ့ မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေညာတာ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လူစုလူဝေး အရေအတွက်ကို မကြာခဏ အပြောင်းအလဲ လုပ်တာတွေဟာလည်း UEC ကိုယ်တိုင် ဥပဒေကို ချိုးဖောက်နေ တာလို့ ဦးဖိုးစံက ဆိုပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ANP ကနေ တရားဝင်နုတ်ထွက်ခွင့်မရသေးတဲ့ အမတ်လောင်း တစ်ယောက် ALD ပါတီကနေ ရသေ့တောင်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဖြစ်စဉ်အပေါ် ဝင်ပြိုင်လို့ရကြောင်း UEC ကဆုံးဖြတ်ခဲ့ပေမယ့် လာမယ့် ရွေးကောက်ပွဲအတွက် ANP ပါတီကနေ နုတ်ထွက်ခွင့်မရသေးပဲ ALD ပါတီကနေဝင်ပြိုင်မယ့် အမတ်လောင်းတွေကိုတော့ ပါတီကနေ တရားဝင်နုတ်ထွက်ခွင့်မရရင် အခြားပါတီကနေ ဝင်ပြိုင်လို့မရဘူးလို့ UEC က ပြောခဲ့တာတွေရှိပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပဘူးလို့ ဆုံးဖြတ်လိုက်တဲ့ ရခိုင်ပြည်နယ်က နေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ANP ပါတီရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။

မြို့နယ်လုံးကျွတ်ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ်တွေက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေ ဖြစ်ပါတယ်။

UEC ရဲ့ လုပ်ရပ်ဟာ ရခိုင်ပြည်သူတွေ အပါအဝင် ပြည်ထောင်စု တစ်ခုလုံးအတွက် အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မင်းပြားမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းအောင်က ပြောပါတယ်။

"UEC ရဲ့ ဆုံးဖြတ်ချက်ဟာဆိုရင်ဖြင့် တိုင်းရင်းသားပါတီတွေကြားထဲမှာရော လက်ရှိအစိုးရလုပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြေရှင်းတဲ့ အဖြေရှာနေတဲ့ကြားထဲမှာ ဒီလိုမျိုး လုပ်ရပ်တွေက အင်မတန်ကိုရုပ်ဆိုးသလိုမျိုး ဖြစ်သွားတာပေါ့နော်၊ နောက်တစ်ခုကလည်း ဒီမိုကရေစီအစိုးရ တစ်ရပ်အနေနဲ့ ဒီလိုမျိုး ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ မကိုက်ညီတဲံ့လုပ်ဆောင်ချက်မျိုးကို လုပ်တာကလည်း အဲဒီစံချိန်စံနှုန်းတွေကို မျက်ကွယ်ပြုလိုက်တဲ့သဘောပုံစံမျိုးဖြစ်သွားတာပေါ့၊ ဒီလိုလုပ်လိုက်တာကတော့ ကျွန်တော်တို့ ရခိုင်ပြည်သူလူထုအပါအဝင် ပြည်ထောင်စုတစ်ခုလုံးအတွက် အင်မတန်ကို အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုလို့  ကျွန်တော့အနေနဲ့ ပြောချင်တာပေါ့။"

နိုင်ငံရေးအရအဖြေရှာရမယ့် လမ်းကြောင်းတွေကို ပိတ်ပင်လိုက်တဲ့သဘောဖြစ်ပြီး အခြားအမျိုးသားရေး လှုပ်ရှားလာနိုင်တဲ့ လမ်းကြောင်းတွေကို တွန်းပို့လိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ နောက်ဆက်တွဲ အကျပ် အတည်းတွေကို အစိုးရအနေနဲ့ အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ကျော်လွှားရလိမ့်မယ်လို့မြင်ကြောင်း ဦးဝင်းအောင်က ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီနေရာတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ချေ မရှိတာကြောင့် ရွေးကောက်ပွဲ မကျင်းပတာလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ကော်မရှင်တစ်ခုတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ အစိုးရဘက်က အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်ရာ မြို့နယ်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထား မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ထုတ်ပြန်တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အီးမေးလ်ကနေတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ ညနေ ၅ နာရီခွဲအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

အာဏာရပါတီဖြစ်တဲ့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ UEC အနေနဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေရဲ့ အကြံပြုချက်နဲ့ ရွေးကောက်ပွဲမကျင်းပတဲ့နေရာ သတ်မှတ်တာဖြစ်ပြီး ပါတီနဲ့မဆိုင်ဘူးလို့ ပြောပါတယ်။

"UEC က လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ခင်ဗျ၊ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာတောင် တပ်မတော်ရဲ့ အကြံပြုချက်၊ နောက်ပြီးတော့ ပြည်ထဲရေးရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့  အကြံပြုချက်၊ နောက်ပြီး ဒေသခံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့  အကြံပြုချက်တွေအပေါ်  မူတည်ပြီးတော့ ဘယ်မဲဆန္ဒနယ်မြေ တွေမှာ မဲဆန္ဒရှင်ဘယ်လောက်မဲပေးနိုင်တယ် မဲမပေးနိုင်ဘူး ဒီအချက်တွေအပေါ်မူတည်ပြီး သူတို့ဆုံးဖြတ်ခဲ့ တာပါလို့ပြောပါတယ်၊ အဲတော့ UEC ကနေပြီးတော့ ဒီအချက်အလက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်တာကို ကျွန်တော်တို့ NLD ကပဲ အားလုံးကိုညွန်ကြားနေတဲ့ပုံမျိုး စွပ်စွဲနေတာတော့ ဒါမမှန်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ။"

ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် ANP ပါတီအနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၁၆ ယောက်နဲ့ ပြည်နယ်လွှတ်တော်မှာ ၂၀ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားလို့ ၂၆ ယောက်ပဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်ရှိပြီး ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ နေရာတွေကြောင့် မဲပေးခွင့်ဆုံးရှုံးသွားသူဟာ ၁၂ သိန်းကျော်ရှိသွားပါတယ်။

---------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။