ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ ဦးကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းသမားတွေ ကို ခြိမ်းခြောက်နေတာ ရပ်တန့်ပေးဖို့ နိုင်ငံအကြီးအကဲတွေထံ အိတ်ဖွင့်ပေးစာပေးပို့သွားမယ်လို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်း သတင်းမီဒီယာ ညီလာခံတက်ရောက်နေတဲ့ အဖွ့ဲ ၂၆ ဖွဲ့တို့က ဆုံးဖြတ်လိုက်ပါတယ်။
သတင်းသမားတွေက နိုင်ငံကို ပုန်ကန်တာမဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မတူညီတဲ့အဖွဲ့ အစည်းတွေကို မေးမြန်းခွင့်ရှိတဲ့အတွက် ပြန်လွှတ်ပေးဖို့နဲ့ သတင်းမီဒီယာတွေကို ခြိမ်းခြောက်နေတာ တွေရပ်တန့်ပေးဖို့ဆိုပြီး အခုလို အိတ်ဖွင့်ပေးစာ ပေးပို့တာဖြစ်တယ်လို့ MJN က ဦးဇေယျာလှိုင်က ပြောပါတယ်။
"ဒီမှာတော့ အဖွဲ့ ၂၆ ဖွဲ့က သဘောတူတာပေါ့နော်၊ အဓိကကတော့ သတင်းစာဆရာတွေက သတင်း လုပ်ငန်းကို လုပ်တာဖြစ်တယ်၊ နိုင်ငံကို ပုန်ကန်တာမဟုတ်ဘူး သတင်းရဲ့သဘောသဘာဝအရ မတူညီ တဲ့အဖွဲ့အစည်းတွေကို မေးဖို့တာဝန်ရှိတယ်ပေါ့နော် ငြိမ်းချမ်းရေးဖြစ်စဉ်မှာရော ဒီမိုကရက်တစ် အပြောင်းအလဲမှာရော အရေးကြီးတဲ့ အချက်အလက်တွေကို ပြည်သူတွေက သိဖို့အတွက်ကို အဲဒီ အတွက်ကို ထမ်းဆောင် တာဖြစ်တယ် သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းမီဒီယာတွေကို ခြိမ်းခြောက်တာတွေကို ရပ်တန့်ပေးဖို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အကြံ ပေးပုဂ္ဂိုလ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ အိုးပင်းလက်တာ ပေးပို့မှာပါ"
မနေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLA အဖွဲ့က ကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားကိုတက်ရောက်ခဲ့ပြီး အပြန်မှာ DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တွေကို နမ့်ဆန်ကနေ သီပေါကို သွားတဲ့လမ်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီလိုဖမ်းဆီးပြီးနောက် လားရှိုးမြို့နယ်ရဲစခန်းကို လွဲှပြောင်းပေးထားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပေမယ့် ဒီနေ့အထိ သတင်းသမားတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ သတင်းသမား ၃ ဦးနဲ့ ပတ်သက်ပြီး တိုင်းရင်းသတင်းမီဒီယာညီလာခံက ဒီကနေ့ကျင်းပတဲ့အစည်းအဝေးမှာ ခေါင်းစဉ်တစ်ခုအနေနဲ့ ဆွေးနွေးပြီး အခုလိုအိတ်ဖွင့်ပေးစာပေး ပို့ဖို့အတွက် တက်ရောက်လာတဲ့ အဖွဲ့၂၆ ဖွဲ့က ကိုယ်စားလှယ်တွေက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLA ကလည်း သတင်းသမားတွေကို မြန်မာ့ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ကန့်ကွက်ရှုတ် ချကြောင်း TNLA က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ အနေနဲ့ ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။